မန္တလေးကျုံးရေပြင်ထဲသို့ ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ကျုံးရေထဲလူတစ်ယောက်ခုန်ချသွားတယ်လို့ သတင်းပေးလို့ ချက်ချင်းသွားကယ်ကြပေမယ့်လည်း အသက်ပါမလာတော့ဘူး၊ အလောင်းပဲဆယ်လိုက်နိုင်တယ် ဆေးရုံကြီးပို့ထားပြီးပါပြီ” ဟု မြို့ခံပရဟိတ ရှာဖွေကယ်ဆယ်ရေးသမားတစ်ဦး ကပြောသည်။
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊ ကျုံးတောင်ဘက်ခြမ်း ၊ ၂၆ ဘီလမ်းနှင့် ၇၇ လမ်းထောင့်ရှိ ကျုံးထဲသို့ ယနေ့ မတ် ၂၁ ရက် နံနက် ၆ နာရီခန့်က အသက် ၂၈ နှစ် အရွယ်အမျိုးသားတစ်ဦး ခုန်ချသွားခြင်းဖြစ်ပြီး၊ အချိန်မီ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့သော်လည်း သေဆုံးနေသည့် ရုပ်အလောင်းသာ ပြန်ရှာတွေ့ခဲ့ကြောင်း စေတနာ မေတ္တာကရုဏာလူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်သည်။
မည်သည့်အတွက်ကြောင့်ခုန်ချသွားခြင်းဖြစ်သည်ကို မသိရှိရသေးဘဲ၊ သေမှုသေခင်းဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။
မန္တလေးကျုံးရေထဲသို့ ပြီးခဲ့သည့်ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း၊ အသက်ငါးဆယ်ကျော်အမျိုးသမီး တစ်ဦး ခုန်ချခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးပြီး၊ အဆိုပါဖြစ်စဉ်တွင် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည်။ စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)