မြန်မာစစ်တပ်က နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေကြောင်း UK အာရှရေးရာဝန်ကြီး ပြော

By မဇ္ဈိမ
21 March 2023
မြန်မာစစ်တပ်က နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေကြောင်း UK အာရှရေးရာဝန်ကြီး ပြော

မြန်မာအာဏာသိမ်း စစ်တပ်က နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေပြီး သန်းနှင့်ချီသော မြန်မာပြည်သူများ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောကြား လိုက်သည်။ 

ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး Anne-Marie Trevelyan နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားခေါင်းဆောင်များ ယနေ့ မတ်လ ၂၁ ရက်နေ့တွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ကာကွယ်မှု လိုအပ်နေသော မြန်မာပြည်သူများအတွက် ထောက်ပံ့ကူညီပေးသွား မည်ဖြစ်ကြောင်း ယူကေနိုင်ငံ အာရှရေးရာဝန်ကြီးက ကတိပြုခဲ့သည်။

ယင်းအပြင် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြသော မြန်မာပြည်သူလူထုများနှင့်အတူ ယူကေနိုင်ငံက ထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်းလည်း Anne-Marie Trevelyan က ပြောကြားခဲ့ကြောင်း သိရသည်။

 မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ပြည်သူ ၂၈ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ်  ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယူကေအစိုးက ပြောဆိုထားသည်။

ယင်းအပြင် မြန်မာအာဏာသိမ်း စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် အခြားနိုင်ငံများကိုပါ တောင်းဆိုခဲ့ပြီး မည်သည့်နိုင်ငံမှ မြန်မာနိုင်ငံသို့ လက်နက်မရောင်းချသင့်ကြောင်းလည်း ယူကေ ထပ်လောင်းပြောကြားခဲ့သည်။

စာတည်း။  ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly