ရုရှားနှင့်ယူကရိန်းကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်စေလိုကြောင်း တရုတ်သံတမန် ပြောကြား

By Channel News Asia 
21 March 2023
ရုရှားနှင့်ယူကရိန်းကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်စေလိုကြောင်း တရုတ်သံတမန် ပြောကြား

ယူကရိန်းတွင် စစ်ပွဲများ ပြင်းထန်လာမှုကို တရုတ်က စိုးရိမ်နေပြီး ရှရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနှင့် မတ် ၁၆ ရက်က ဖုန်းနှင့်ပြောဆိုမှုအတွင်း တိုက်တွန်းလိုက်သည်။  

ယူကရိန်းကို ကျူးကျော်သော ရုရှားအား ရှုတ်ချခြင်း မပြုခဲ့သော တရုတ်နိုင်ငံသည် ယူကရိန်း၏ နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ အချက် ၁၂ ချက်ပါ အဆိုပြုချက်တွင် စစ်ပွဲအရှိန်မြှင့်မှုကို လျှော့ချကာ လုံးဝ အပစ်အခတ်ရပ်စဲရေးအထိ လုပ်ဆောင်စေကြောင်း နှစ်ဖက်စလုံးကို တိုက်တွန်းထားသည်။

နှစ်ဖက်စလုံးမှ သိပ်ဘဝင်မကျလှသည့် တရုတ်၏အဆိုပြုချက်တွင် အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အချင်းချင်း အချုပ်အခြာအာဏာကို လေးစားရန် တောင်းဆိုထားသည်။

ပါဝင်ပတ်သက်သူအားလုံးသည် တည်ငြိမ်အေးချမ်းစွာ ဆင်ခြင်တုံတရားရှိရှိနှင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကာ  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးပြန်စမည်ဟု မျှော်လင့်ကြောင်း ကျင်ဂန်းက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာအား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်သလို  ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့်လည်း အွန်လိုင်းအစည်းအဝေး ပြုလုပ်ရန် မျှော်လင့်ထားသည်။

ရုရှားနှင့် ယူကရိန်းတို့အား စေ့စပ်ရေး စားပွဲဝိုင်းဆီသို့ ရောက်အောင်လုပ်ရန်မှာ တရုတ်နိုင်ငံအတွက် ခက်ခဲလိမ့်မည်ဟု လေ့လာသူများက ပြောဆိုကြသော်လည်း ရှီသည် ဆွေးနွေးပွဲများကို အရှိန်အဟုန်ဖြင့် စတင်ရန် ပံ့ပိုးဆောင်ရွက်ပေးသွားနိုင်ကြောင်း အချို့က ထောက်ပြကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly