တရုတ်က သက်ကြီးရွယ်အိုလူဦးရေများပြားလာမှု ပြဿနာ ကိုင်တွယ်ဖြေရှင်းရန် အငြိမ်းစားယူနိုင်သော အသက်အရွယ်ကို တိုးမြှင့်

By Reuters
20 March 2023
တရုတ်က သက်ကြီးရွယ်အိုလူဦးရေများပြားလာမှု ပြဿနာ ကိုင်တွယ်ဖြေရှင်းရန် အငြိမ်းစားယူနိုင်သော အသက်အရွယ်ကို တိုးမြှင့်

တရုတ်နိုင်ငံသည် လျင်မြန်စွာတိုးလာနေသော သက်ကြီးရွယ်အိုဦးရေကို ထိန်းညှိရန် အငြိမ်းစားယူနိုင်မည့် အသက်ကို ဖြည်းဖြည်းချင်း တိုးမြှင့်ရန် စီစဉ်နေကြောင်း တရုတ်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ အကြီးတန်းကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာ Global Times က မတ် ၁၄  တွင် ဖော်ပြသည်။

အငြိမ်းစားယူသည့် အသက်အရွယ်ကို မြှင့်တင်ရာတွင် လမ်းဟောင်းမလိုက်ဘဲ ပြုလွယ်ပြင်လွယ်ရှိသော ကွဲပြားသည့်လမ်းကြောင်းကို အဓိကထားသောကြောင့် အစောပိုင်း လအနည်းငယ်တွင် နှောင့်နှေးမှုများ ရှိမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အရှိန်ရလာမည်ဖြစ်ကြောင်း  တရုတ်အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးသိပ္ပံအကယ်ဒမီ၏ ဥက္ကဋ္ဌ ဂျင်ဝေဂန်းက ဆိုသည်။

"အငြိမ်းစားယူခါနီး လူတွေဟာ အငြိမ်းစားယူဖို့ လပေါင်းများစွာ စောင့်ဆိုင်းရပါတော့မယ်" ဟု ဂျင်က ပြောကြားခဲ့သည်။ လူငယ်များသည်လည်း နှစ်အနည်းငယ် ပိုပြီး အလုပ်လုပ်ရနိုင်ကာ အကူးပြောင်းကာလများ ပိုကြာလာမည်ဖြစ်သည်ဟု ဆိုသည်။
"ပြုပြင်ပြောင်းလဲရေးရဲ့ အရေးကြီးဆုံး အင်္ဂါရပ်ကတော့ လူတွေကို သူတို့ရဲ့ အခြေအနေတွေအရ အငြိမ်းစားယူရမယ့် အချိန်ကို ရွေးချယ်ခွင့်ပေးလိုက်တာပဲ" ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် အငြိမ်းစားယူနိုင်သည့် အသက်အရွယ်ကို တရားဝင် မကြေညာသေးဘဲ လက်ရှိတွင် အမျိုးသား အသက် ၆၀၊ လစာကောင်းသော ပညာတတ် အမျိုးသမီး ၅၅ နှစ် နှင့် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်သော အမျိုးသမီးများအတွက် ၅၀ နှစ်ဟု သတ်မှတ်ထားပြီး ကမ္ဘာတွင် အနည်းဆုံး အငြိမ်းစားသက်တမ်း ဖြစ်သည်။ 

အစိုးရသည် မူဝါဒကို အမြော်အမြင်ရှိရှိဖြင့် ပုံဖော်ရန် လေ့လာမှုများနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို အသေအချာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သစ် လီချန်းက မတ်လ ၁၃  တွင် ပြောကြားခဲ့သည်။

တရုတ်တွင် ၁၉၈၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တစ်အိမ်ထောင်လျှင် ကလေး ၁ ဦးတည်းသာ ယူရန် ကန့်သတ်ထားသည့် မူဝါဒကြောင့် နိုင်ငံ၏ ၁ ဒသမ ၄  ဘီလီယံရှိသောလူဦးရေသည် ကျဆင်းလာကာ အသက်အရွယ်ကြီးသူများပြားလာစဉ်မှာ ပင်စင်ဘတ်ဂျက်ဆိုင်ရာဖိအားများ မြင့်တက်လာပြီး  အခြေအနေကို ဖြေရှင်းရန် မူဝါဒချမှတ်သူများအနေဖြင့် အရေးတကြီးလုပ်ဆောင်ရန်လိုအပ်လာသည်။

အငြိမ်းစားယူသူများအတွက် ပင်စင်လစာများ ပေးဆောင်ရန် နည်းပါးလာသော လက်ရှိလုပ်သားအင်အားကို မှီခိုနေရသော လက်ရှိ ပင်စင်စနစ်သည် ရေရှည်အတွက် အခြေအနေမဟန်တော့ဘဲ ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်ဟု လူဦးရေနှင့် စီးပွားရေးပညာရှင်များက ဆိုကြသည်။

တရုတ်နိုင်ငံ၏ ပြည်နယ် ၃၁ ခုအနက် ၁၁ ခုသည် ပင်စင်ဘတ်ဂျက်လိုငွေပြနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly