လူသားချင်းစာနာမှုရေးရာကိစ္စတွေမှာ Bitcoin ကိုဘယ်လိုမျိုးအသုံးနေကြသလဲ?

By Bitcoin Myanmar Initiative
18 March 2023
လူသားချင်းစာနာမှုရေးရာကိစ္စတွေမှာ Bitcoin ကိုဘယ်လိုမျိုးအသုံးနေကြသလဲ?

အာဏာသိမ်းတာတို့၊ စစ်ပွဲ ဖြစ်နေတဲ့ နိုင်ငံတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် နိုင်ငံကို ငွေကြေးအရ ဒဏ်ခက်ပိတ်ဆို့ အရေးယူတာမျိုးတွေက လုပ်ထုံးလုပ်နည်း တစ်ခုပါ။

လွန်ခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကို ကြည့်လိုက်ရအောင်။

ယူကရိန်း

ရုရှားက ယူကရိန်းကို စပြီး ကျူးကျော်ချိန်မှာ အာဏာရှင်နိုင်ငံတွေကလွဲပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးက ဝိုင်းပြီး ရှုံ့ချကြပါတယ်။ ကုလသမဂ္ဂ နဲ့ တခြားသော နိုင်ငံတွေကည်း အကူအညီ ပေးမယ်လို့ ကတိကဝတ်တွေ ပြုပါတယ်။ ပြဿနာကတော့ သိတဲ့ အတိုင်း သူတို့ လုပ်ထုံးလုပ်နည်းတွေက အရမ်းကြာတာပါ။ လူသားချင်း စာနာမှု အတွက် ငွေကြေးလွှဲပြောင်းတဲ့ အခါမှာ ဘဏ်ပိတ်ရက်တွေကြောင့်၊ နိုင်ငံတွေ အချိန်မတူညီတာကြောင့်၊ ဘဏ်တွေ ညနေပိုင်း အလုပ်မလုပ်တာကြောင့် စသည်ဖြင့် ကြာပါတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Bitcoin နဲ့ Cryptocurrency ယုံကြည်သူတွေက ရုရှားရဲ့ ကျူးကျော်စစ်ဖြစ်ပြီး ၄ ရက် အတွင်း ဒေါ်လာ ၁၀ သန်းကျော် ယူကရိန်းကို လှုဒါန်းပေးနိုင်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီးဌာနကလည်း အကောင်းဆုံး စီမံသွားနိုင်ခဲ့ပါတယ်။

ရုရှား

နိုင်ငံတကာ စီးပွားရေးတွေ ပိတ်ဆို့တာကြောင့် စီးပွားရေးအရ ရုရှားနိုင်ငံမှာ တော်တော် အခက်အခဲ ဖြစ်သွားပါတယ်။ နိုင်ငံတကာ လုပ်ငန်းကြီးတွေ ရုရှားက ထွက်ခွါသွားကြတယ်။ ရုရှားနဲ့ ဘယ်သူမှ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ရုရှားက စီးပွားရေး ပိတ်ဆို့တာတွေကို ရှောင်ဖို့ Bitcoin နဲ့ တခြား Cryptocurrency တွေကို သုံးနိုင်မလားလို့ စဉ်းစားဖို့ ရှိပါတယ်။ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Bitcoin က ပွင့်လင်းတဲ့ blockchain စနစ်ကို သုံးထားတာကြောင့် ဘယ်ကနေ ဘယ်ကို ဘယ်လောက် Bitcoin ရွှေ့သွားတယ်ဆိုတာကို တစ်ကမ္ဘာလုံးမှာ အချိန် ပြည့် စောင့်ကြည့်နေသူတွေ ရှိပါတယ်။ အာဏာရှင်တွေက သူတို့ရဲ့ စီးပွားရေး ငွေပေးချေမှုတွေကို Bitcoin သုံးပြီးလုပ်ရင် ဒါက ဒေါ်လာ ၁၀၀၀ ဖိုး မဟုတ်ပါဘူး၊ ဒေါ်လာ ၁ သောင်းဖိုး မဟုတ်ပါဘူး။ ဒေါ်လာသန်းနဲ့ ချီပြီး ငွေပေးငွေယူ လုပ်တာပါ။ ဒီလောက်များတဲ့ ပမာဏ Blockchain ပေါ်မှာ ရွှေ့သွားရင် မသိသူ ရှိမှာ မဟုတ်ပဲ နောက်ဆုံး ခြေရာခံလိုက်တဲ့ အချိန်မှာတော့ အာဏာရှင်တွေရဲ့ ဥပဒေချိုးဖောက်လုပ်ဆောင်ချက်ဖြစ်ကြောင်း မြင်နိုင်ပါတယ်။ တချိန်တည်းမှာပဲ အာဏာရှင် ပူတင်က Digital Asset တွေကို ပိတ်ဆို့ တားမြစ်တဲ့ ဥပဒေကို ၂၀၂၂ ဂျူလိုင်မှာ အတည်ပြုခဲ့ပါတယ်။

အာဏာရှင်တွေဟာ Bitcoin နဲ့ Cryptocurrency ကို ကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ငွေကြေးတွေကို မသုံးဘဲ ပြည်သူတွေက ဒီလို Digital Asset တွေမှာ ပြောင်းထားရင် တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်နိုင်လို့ပါ။ Bitcoin နဲ့ Cryptocurrency ကို ဥပဒေအရ ပိတ်ဆို့ တားမြစ်ထားတဲ့ နိုင်ငံပေါင်း ၅၀ ကျော်ရှိပြီး တရုတ်၊ ရုရှား၊ အာဖဂန်နစ်စတန်၊ အီရန်၊ မြန်မာနဲ့ တခြားနိုင်ငံတွေ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေရဲ့ တူညီချက်ကတော့ အာဏာရှင်စနစ်ဆိုး တည်ရှိနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

(Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly