မန္တလေးက မီနီအိုးဝေများ အဝါရောင်သို့ပြောင်းလဲရန် မလိုသေးဟုဆိုပြန် 

By 007 (မဇ္စျိမ)
18 March 2023
မန္တလေးက မီနီအိုးဝေများ အဝါရောင်သို့ပြောင်းလဲရန် မလိုသေးဟုဆိုပြန် 

မန္တလေးမြို့တွင်းပြေးဆွဲနေသည့်  မီနီအိုးဝေ အငှားယာဉ်အားလုံး၊ အဝါရောင်ပြောင်းလဲရန်ညွှန်ကြားချက်အား၊ ယာဉ်ပိုင်ရှင်များကြုံတွေ့နေရသည့်အခက်အခဲများကြောင့်၊ ယာယီဆိုင်းငံ့ပေးလိုက်ကြောင်း ယကက(မြို့တွင်း) နှင့် နီးစပ်သည့်အသိုက်အ၀န်းထံကသိရသည်။ 

"ယာယီဆိုင်းငံ့တာပါ၊ ယာဉ်ပိုင်ရှင်တွေရဲ့အခက်အခဲကြောင့်လို့ ကော်မတီကပြောတယ်၊ တခြားတော့ သတင်းစာတွေထဲပါတဲ့အတိုင်းပါပဲ" ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများအနေဖြင့်၊ စက်သုံးဆီဈေးမြင့်တက်ခြင်း၊ ခရီးသည်စီးနင်းမှုနည်းပါးခြင်း၊ ကုမ္ပဏီများမှအကြွေးစနစ်ဖြင့်၀ယ်ယူထားပြီး လစဉ်ငွေများပြန်ဆပ်နေရခြင်းတို့ကြောင့် အခက်အခဲများဖြစ်နေ၍ အဝါရောင်ပြောင်းလဲရန်ညွှန်ကြားချက်အား ယာယီဆိုင်းငံံ့ပေးလိုက်ခြင်းဖြစ်ကြောင်း ကော်မတီကဆိုသည်။ 

"ဆေးပြောင်းရင် တစ်သိန်းကျော်ကုန်မယ်၊ အဲဒီကိစ္စနောက်ဆက်တွဲထပ်ပေးရမှာတွေနဲ့ဆိုရင် တကယ်ကို အခက်အခဲရှိပါတယ်၊ လုပ်စားရခက်နေချိန်မှာ အခုလိုကြားရတာအတွက်တော့ အသက်ရှူချောင်သွားတာပေါ့ဗျာ" ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

မန္တလေးမြို့တွင်းပြေးဆဲနေသည့် မီနီအိုးဝေ အငှားယာဉ်အားလုံး၊ ဇွန်လ ၃၀ ရက်နေ့အပြီး၊ လက်ရှိအရောင်မှ အဝါရောင်သို့ပြောင်းလဲရန် မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(မြို့တွင်း)က ပြီးခဲ့ သည့် မတ်လဆန်းပိုင်းက အမိန့်ညွှန်ကြားချက်ထုတ်ခဲ့သည်။ 

အဆိုပါညွှန်ကြားချက်တွင် သတ်မှတ်ရက်အပြီးမဆောင်ရွက်သည့်ယာဉ်များအား၊ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟုပါရှိသည်။
"တချို့လည်း သူတို့သတ်မှတ်တဲ့အရောင်(အဝါရောင်)ပြောင်းလိုက်ပြီ၊ တစ်သိန်းကျော်လောက်ကုန်တယ်လို့ သိရတယ်၊ ငွေကုန်တာထက် အော်ဆေး(Original ဆေးသား)ပျက်သွားတာကို သူတို့ခံစားနေရတယ်၊ တချို့စည်းကမ်းတွေက မထုတ်ခင်ကြိုစဉ်းစားသင့်တယ်ခင်ဗျ၊ ပေါက်ကရအမိန့်တွေ ဥပဒေတွေထုတ်လိုက် ပြန်ပြင်လိုက်နဲ့ဆိုတာကြီးက လူတွေကိုဒုက္ခရောက်စေတယ် အခက်အခဲဖြစ်စေတယ်" ဟု မြို့ခံတစ်ဦးက ဝေဖန် သည်။ 

အဆိုပါညွှန်ကြားချက်သည်၊ မန္တလေးမြို့ကို မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျရှိစေရန်၊ ခရီးသည်များလုံခြုံချောမွေ့စွာ သွားလာမှုပိုမိုအဆင်ပြေစေရန်နှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ယကက(မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ-မြို့တွင်း)က ဆိုထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly