အစိုးရကို မတည်ငြိမ်အောင်ပြုလုပ်သူများ သေဒဏ်နှင့် ထိုက်တန်ကြောင်း တာလီဘန်ဝန်ကြီး သတိပေး 

အစိုးရကို မတည်ငြိမ်အောင်ပြုလုပ်သူများ သေဒဏ်နှင့် ထိုက်တန်ကြောင်း တာလီဘန်ဝန်ကြီး သတိပေး 

အာဖဂန်နစ္စတန်ကို မတည်မငြိမ်ဖြစ်စေသော မည်သူ့ကိုမဆို ကွပ်မျက်ပြစ်ရမည်ဟု ယာယီ အဆင့်မြင့် ပညာရေးဝန်ကြီး နီဒါ မိုဟာမက် နာဒင်းမ်က မတ်လ ၁၂ ရက်တွင် သတိပေးလိုက်သည်။

“အစိုးရကို နှုတ်ဖြင့်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ လက်တွေ့တွင်ဖြစ်စေ ထိပါးနှောင့်ယှက်သူများသည် ပုန်ကန်မှုကျူးလွန်ခြင်းဖြစ်ပြီး အားလုံး သေဒဏ်နှင့် ထိုက်သည်” ဟု တာလီဘန်အစိုးရကို ဆန့်ကျင်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များနှင့်ပတ်သက်၍ ဘွဲ့နှင်းသဘင်အခမ်းအနား မိန့်ခွန်း၌ ဝန်ကြီးက သတိပေး ပြောကြားခဲ့သည်။ 

ကြားကာလအစိုးရအား ဆန့်ကျင်သူများကို ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ရှိကြောင်းနှင့် တာလီဘန်အစိုးရအား ဆန့်ကျင်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း နာဒင်းမ်၏ ပြောကြားချက်ကို Tolo News တွင် အလေးပေး ဖော်ပြခဲ့သည်။

နိုင်ငံတွင်း လက်ရှိပြဿနာများကို ဖြေရှင်းရန် စေ့စပ်ညှိနှိုင်းရေးသည် အကောင်းဆုံးနည်းလမ်းအဖြစ် လေ့လာသူများက တောင်းဆိုထားသည်။

တာဝန်ရှိသူများအကြောင်း တိုင်ကြားမှုရှိပါက သိုသိုသိပ်သိပ်လုပ်ဆောင်သင့်ကြောင်း     တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီရူလာ မူဂျာဟဒ်က အစောပိုင်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာပြန်ရလာခြင်းသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပိုမိုနက်နဲသော အကျပ်အတည်းများ ဖြစ်ပေါ်စေရုံသာမက နိုင်ငံအတွင်း နှစ်ရှည်လများ အမြစ်တွယ်နေသော ပြဿနာများကို ပိုမိုဆိုးရွားစေသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးအခွင့်အရေးများကို ရက်စက်စွာ ဖြိုခွင်းခဲ့ပြီး မိန်းကလေးများကို အထက်တန်းကျောင်းများသို့ တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ခဲ့သည်။ နောက် ၉ လအကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အမျိုးသမီးများအား တက္ကသိုလ်တက်ခွင့်ကို ထပ်မံပိတ်ပင်ခဲ့သည်။

မိန်းကလေးများနှင့် အမျိုးသမီးငယ်များအတွက် ၇ တန်းမှ ၁၂ တန်း အထိ ကျောင်းများကို ရက်ပေါင်း ၅၃၀ ကျော် ပိတ်ထားကြောင်း Tolo News က ဖော်ပြခဲ့သည်။

ထို့ပြင် တာလီဘန်များက အမျိုးသမီး NGO အလုပ်သမားများကို အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သောကြောင့် အဓိကနိုင်ငံခြား အကူအညီပေးရေး အဖွဲ့များစွာ၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

 ပညာရေးသည် တိုင်းပြည်တိုးတက်မှုအတွက် အခြေခံဖြစ်သည်ဟု အာဖဂန်နိုင်ငံသားများက ပြောဆိုကြပြီး မိန်းကလေးများအတွက် ကျောင်းများပြန်ဖွင့်ရန် တာလီဘန်တို့အား တောင်းဆိုခဲ့ကြသည်။

"ကျောင်းတွေ တက္ကသိုလ်တွေ ပြန်ဖွင့်ရင် ဒါဟာ အရမ်းကောင်းတဲ့ လုပ်ရပ် ဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေ ရှိသင့်ပြီး တိုင်းပြည်ကို ဝန်ဆောင်မှုပေးသင့်ပါတယ်" ဟု ကဘူးလ်မြို့ခံ ဂျနန်က ပြောကြားခဲ့သည်။

"မိန်းကလေးတွေအတွက် ကျောင်းတွေဖွင့်ပေးဖို့ တာလီဘန် အကြီးအကဲတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်ပြီး နိုင်ငံတွင်းက လူတိုင်း တိုးတက်စေမှာပါ" ဟု ကဘူးလ်မြို့ခံ အခြားတစ်ဦးဖြစ်သူ အမီရ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required