ပါကစ္စတန်တွင် စီးပွားရေးနှင့် လောင်စာဆီ အကျပ်အတည်း တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရ 

By The Print
17 March 2023
ပါကစ္စတန်တွင် စီးပွားရေးနှင့် လောင်စာဆီ အကျပ်အတည်း တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရ 

ပါကစ္စတန်၏ လောင်စာဆီ အရန်ပမာဏမှာ နည်းပါးနေပြီး အိမ်နီးချင်း အီရန်နိုင်ငံနှင့် တရားမဝင် လောင်စာဆီ ရောင်းဝယ်မှု မြင့်တက်လာသော်လည်း ၎င်းဝယ်ယူထားသည့် ရေနံများကို အာဖဂန်နစ္စတန်သို့ မှောင်ခိုတင်သွင်းခံနေရကြောင်း Asian Lite International သတင်းတွင် ဖော်ပြထားသည်။

လောင်စာဆီ အသားတင်တင်သွင်းသည့် ပါကစ္စတန်နိုင်ငံအနေဖြင့် လွန်ခဲ့သည့်နှစ်အတွင်း စက်ရုံများ၏ ဝယ်လိုအား ကျဆင်းသွားသည့်အတွက် လောင်စာဆီ အကျပ်အတည်းကို တားဆီးနိုင်ခဲ့သည်။ တင်သွင်းထားသည့် ဆက်စပ်ပစ္စည်းများအတွက် ပေးချေရန် ငွေမရှိသောကြောင့် လောင်စာဆီကဏ္ဍသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။ နိုင်ငံ၏ အဓိက ဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်သည့် အထည်အလိပ် ထုတ်လုပ် တင်ပို့မှုမှာလည်း ကျဆင်းသွားခဲ့သည်။

လက်ရှိ ခက်ခဲသည့် အခြေအနေသည် ပြည်တွင်း နိုင်ငံရေးမငြိမ်မသက်မှုများနှင့် စီးပွားရေး အကျပ်အတည်းကြားတွင် ချမှတ်ခဲ့သော ညံ့ဖျင်းသည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ၏ အကျိုးဆက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်ဟု Asian Lite International သတင်းတွင် ဖော်ပြထားသည်။ 

ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်အများစုအတွက် အခြေအနေဆိုးရွားလာချိန်တွင် ပါကစ္စတန်သည် လောင်စာဆီတင်သွင်းမှုတွင် အသားတင်အရှုံးပေါ်နေသည်။ 

အမေရိကန်က သတိပေးထားသည့်ကြားမှ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ပြီးခဲ့သောနှစ်က ယူကရိန်းတိုက်ခိုက်ခံရသည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရှိနေသည်။ ဝန်ကြီးချုပ် အီမရန်ခန်းအား အစိုးရမှ ဖယ်ရှားခဲ့သည့်အတွက် အမေရိကန်က မကျေမနပ်ဖြစ်ခဲ့ကာ ရုရှားတို့က ငွေကိုသာ ငမ်းငမ်းတက်လိုချင်နေသည့်အတွက် ပါကစ္စတန်အနေဖြင့် ငွေကြေးအကျပ်အတည်း ကြုံနေရသည်ကို အကြောင်းပြ၍ မျက်ရည်ခံထိုးခွင့် မရခဲ့ချေ။

ပိုဆိုးသည်မှာ ပါကစ္စတန်သည် ဆော်ဒီအာရေဗျ၊ အိန္ဒိယနှင့်တူရကီတို့နှင့်မတူဘဲ ရုရှားနှင့် တစ်ဆင့်ခံစစ်ပွဲ (proxy war) တွင်ပါဝင်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့ထံမှ ကြွေးမီသက်သာခွင့် မရရှိသေးခြင်း ဖြစ်သည်။

ပါကစ္စတန်နှင့် အီရန်သည် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်သည်။ ပါကစ္စတန်နှင့် အီရန်၏ ရေရှည်နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များသည် တူညီမှုမရှိသေးကြောင်းနှင့် အီရန်သည် ပါကစ္စတန်၏ ဒုတိယဦးစားပေးအဆင့်သာဖြစ်ကြောင်း Asian Lite International တွင် ဖော်ပြခဲ့သည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်လ် ဘတ်တို ဇာဒါရီ၏ မကြာသေးမီက အီရန်နိုင်ငံ ခရီးစဉ်အတွင်း အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ် အစားအသောက်ဈေးများနှင့် ကုန်ပစ္စည်းဝန်ဆောင်မှု ဖလှယ်ခြင်းများ အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။

ပါကစ္စတန်၏ လက်ရှိ လောင်စာဆီအခြေအနေသည် လုံးဝ မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး မကြာမီတွင်လည်း ပြန်လည်ကောင်းမွန်လာမည့် အလားအလာ မရှိသေးကြောင်း Asian Lite International က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly