၁၂ ပွဲဆက် နိုင်ပွဲမရတဲ့နောက် ပက်ထရစ် ဗီအဲရာကို နည်းပြရာထူးကနေ ခရစ္စတယ်ပဲလေ့စ် ထုတ်ပယ်

၁၂ ပွဲဆက် နိုင်ပွဲမရတဲ့နောက် ပက်ထရစ် ဗီအဲရာကို နည်းပြရာထူးကနေ ခရစ္စတယ်ပဲလေ့စ် ထုတ်ပယ်
Photo: EPA

၁၂ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးတဲ့နောက် ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြ ပက်ထရစ် ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ပဲလေ့စ်ဟာ ၂၀၂၃ မှာ တစ်ပွဲမှ နိုင်ပွဲမရခဲ့ဘဲ ဗုဒ္ဓဟူးနေ့က ဘရိုက်တန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး သူတို့ရဲ့ တတိယမြောက် ရှုံးပွဲဆက်ခဲ့ပါတယ်။

“နောက်ဆုံးအနေနဲ့ မကြာသေးခင် လတွေအတွင်းက ရလဒ်တွေက ကျနော်တို့ကို မရေရာတဲ့ လိဂ်ရပ်တည်မှုနေရာမှာ ထားရှိခဲ့ပြီး ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုကို ဆက်ထိန်းထားနိုင်ဖို့ ကျနော်တို့ကို အကောင်းဆုံးအခွင့်အရေးပေးဖို့ အပြောင်းအလဲတစ်ခု လိုအပ်တယ်လို့ ခံစားမိပါတယ်”လို့ ဥက္ကဋ္ဌ Steve Parish က ပြောပါတယ်။

သူတို့ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ မှာ ရပ်တည်နေပေမယ့်လည်း လက်ကျန်တစ်ပွဲကစားဖို့ ရှိနေတဲ့ အဆင့် ၁၈ နေရာက ဘုန်းမောက်ထက် သုံးမှတ် အသာပဲရှိနေပါတယ်။

ပြင်သစ်သား ဗီအဲရာဟာ ပြီးခဲ့တဲ့ ရာသီမစတင်ခင်က ခန့်အပ်ခံခဲ့ရပြီး လင်းယုန်အသင်းကို အဆင့် ၁၂ နေရာသို့ ဦးဆောင်ကာ တိုက်စစ်ပုံစံအတွက် ချီးကျူးမှုများ ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာ သူတို့ဟာ ၂၇ ပွဲမှာ ၂၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဝုဗ်၊ အဲဗာတန်နဲ့ ဇယားအောက်ဆုံးက ဆောက်သမ်တန်တို့ပဲ ရဂိုးနည်းပါးခဲ့တာပါ။

ပဲလေ့စ်ဟာ ဘရိုက်တန်ကို မရှုံးခင်မှာ ဂိုးပေါက်တည့်တည့်မှု မရှိဘဲ သုံးပွဲဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ဗီအဲရာရဲ့ နည်းပြအဖွဲ့ဝင် သုံးဦးဖြစ်တဲ့ Osian Roberts၊ Kristian Wilson နဲ့ Said Aigoun တို့ဟာလည်း အသင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required