တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၃,၂၃၇ ဦးထိရှိလာ 

By ခက်နွေ 
17 March 2023
တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၃,၂၃၇ ဦးထိရှိလာ 

မဇ္ဈိမ။     ။ မြန်မာတစ်နိုင်ငံလုံးတွင် အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၃,၂၃၇ ဦး သေဆုံးခဲ့သည်ဟု  မတ်လ ၁၆ ရက်နေ့၌  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၆,၅၁၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၅,၀၈၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ဦး ရှိပြီဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ ၃,၈၄၂ ဦး ရှိသည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။ 

"ကျွန်တော်တို့ လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိပါတယ်။ သေချာတာကတော့၊ ပြောနိုင်တာကတော့ အခု ဖော်ပြထားတဲ့ အချက်အလက်တွေသည်၊ ဒါ အနည်းဆုံးကိန်းဂဏန်း အချက်အလက်တွေဖြစ်တယ်၊ ဒီထက် ပိုဖို့ပဲရှိတယ်။ ဒီထက်လျော့ဖို့ မရှိဘူး။ ကျွန်တော် ဖော်ပြထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေဟာ တိကျသေချာတာတွေဖြစ်တယ်။ ကျွန်တော်တို့ လက်လှမ်းမမီဘူး၊ အတည်ပြုချက် မယူနိုင်တာတွေ အများကြီး ရှိနေနိုင်ပါသေးတယ်”ဟု AAPP ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ယင်းစာရင်းသည် မီဒီယာ‌ပေါ် တက်လာသည့် သတင်းများအပြင် တိုက်ရိုက်ပေးပို့လာသည့် စာရင်းများကို စုစည်းကာ သက်ဆိုင်ရာဒေသများ၏ မြေပြင်အဖွဲ့အစည်းများထံမှ အတည်ပြုချက်ယူပြီးမှသာ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

အဆိုပါ သေဆုံးသူ ၃,၀၀၀ ကျော်ထဲတွင် နှစ်ဖက် တိုက်ပွဲများကြောင့် သေဆုံးသူများ မပါဝင်ဘဲ သာမန်အရပ်သားပြည်သူများ၊ ဖမ်းဆီးခံရသည့် ပြည်သူများနှင့် အကျဉ်းထောင်ထဲတွင် ဆုံးပါးသွားသူများ၏  စာရင်းများဖြစ်သည်ဟု ဆိုသည်။ 

AAPP သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူများနှင့် ဖမ်းဆီးခံရသူများကို မှတ်တမ်းတင်နေသည့် အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်သည်။ 

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly