စက်သုံးဆီခွဲတမ်း လုံလောက်စွာမရသဖြင့် ဆီပြတ်လပ်မှုများကြုံတွေ့လာနိုင်ကြောင်း လုပ်ငန်းရှင်များပြော

By မေဘယ်လ်သူ
17 March 2023
စက်သုံးဆီခွဲတမ်း လုံလောက်စွာမရသဖြင့် ဆီပြတ်လပ်မှုများကြုံတွေ့လာနိုင်ကြောင်း လုပ်ငန်းရှင်များပြော

မဇ္ဈိမ ။        ။ စက်သုံးဆီခွဲတမ်း လုံလောက်စွာမရသဖြင့် ဆီပြတ်လပ်မှုများနှင့် စျေးနှုန်းမြင့်တက်မှုများ ကြုံလာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်များမှ စက်သုံးဆီခွဲတမ်း လုံလောက်စွာမရရှိခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့မည်ကိုစိုးရိမ်ကြောင်း ဆိုသည်။

“စက်သုံးဆီစျေးက လက်ရှိစျေးထက် ပိုတက်လာနိုင်တယ်။ စျေးလည်းတက်နိုင်သလို အရင်ကလို တန်းစီဝယ်ယူပြီး လိုအပ်သလောက် မရနိုင်တာမျိုးတွေဖြစ်လာမှာ စိုးရိမ်တယ်။ သင်္ကြန်ရုံးပိတ်ရက်လည်း ရောက်တော့မှာဖြစ်တဲ့အတွက် ခရီးသွားတွေများလာဦးမှာ ဒီအချိန်မှာ ဆီစျေးတက်ပြီး လိုအပ်သလိုဝယ်မရရင် အခက်တွေ့နိုင်တယ်” ဟု နေပြည်တော်ရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများအား စီစစ်ခွင့်ပြုသွားမည်ဟု  ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် စစ်ကောင်စီ ဒု-ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီစျေးနှုန်းသည် ကမ္ဘာတစ်ဝန်း ဈေးနှုန်းမြင့်တက်နေသည့် အခြေအနေကြောင့်  ပြည်ပက မှာယူတင်သွင်းရာတွင် ဈေးနှုန်းကြီးမြင့်နေသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန် အသုံးစရိတ်မြင့်မားခြင်းကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုအား တက်နိုင်သမျှ လျှော့ချသုံးစွဲကြရန် စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ထို့အပြင် ယခုဘဏ္ဍာနှစ်တွင် စက်သုံးဆီသုံးစွဲမှုအား စစ်အုပ်ချုပ်မှုသုံးအတွက်နှင့် လုပ်ငန်းသုံးများအတွက်ပါ  စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း၎င်းက ဆိုသည်။

ယနေ့ မတ်လ ၁၇ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂,၀၁၀ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၀၉၅ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာ လျှင် ၂,၀၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂,၁၀၀ကျပ်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဈေးနှုန်းများမှာ ရည်ညွှန်းဈေးနှုန်းများသာဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required