ကင်းပုန်းဝပ်ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရ

By ပါခွီး
17 March 2023
ကင်းပုန်းဝပ်ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရ

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့အခြေစိုက် ထောက်ပို့တပ်မှ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ပြန်လာချိန်တွင် မိုင်းဆွဲခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း Black Wolf – Army ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၆ရက် နံနက် ၈နာရီ ၃၀မိနစ်အချိန်က အင်အား ၃၀ဦးခန့်ပါသော စစ်ကောင်စီတပ်သားများကို ကင်းပုန်းဝပ်ပြန်လာချိန်တွင် တအုံကျေးရွာ အရှေ့ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများသည် ရှေ့သို့ဆက်မတက်ဘဲ ရွှေဘိုမြို့ဘက်သို့ နောက်ကြောင်းပြန်လှည့်လာခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲလို့ နောက်ပြန်လှည့်လာတဲ့ စစ်ကောင်စီတပ်တွေကို ရွှေဘိုအဝင်နားမှာ ဒရုန်းနဲ့ ထပ်ပြီးဗုံးချခဲ့တာပါ” ဟု Black Wolf – Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးဘဲ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုတွင် တစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

ယင်းစစ်ဆင်ရေးကို Black Wolf – Army နှင့်အတူ Who Am I – Army တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၁ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဟန်လင်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးကြောင်းသိရသဖြင့် Black Wolf – Army က ဒရုန်းဖြင့် ဗုံးသီးချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌သေးသည်ဟု သိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required