ရေးမြို့နယ်တွင် စစ်တပ်သတင်းပေး ပစ်သတ်ခံရ

By ဂျူချန်း
16 March 2023
ရေးမြို့နယ်တွင် စစ်တပ်သတင်းပေး ပစ်သတ်ခံရ

(မဇ္ဈိမ)။။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအနီးတွင် စစ်ကောင်စီတပ်သတင်းပေး ဦးလွင်မိုးအေး မောင်းနှင်လာသည့် ကားအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ရာ ဦးလွင်မိုးအေးသည် နေရာတွင် သေဆုံးသွားကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ပစ်ခတ်သည်မှုသည် ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုအတွင်း ဦးလွင်မိုးအေးနှင့်အတူ ကားပေါ်တွင်ပါလာသည့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ထိုသို့ သေနတ်ဒဏ်ရာများ ရရှိသွားသော ဦးလွင်မိုးအေး၏ ညီမဖြစ်သူ ဒေါ်ဇင်မိုးအေးနှင့် အသက်လေးနှစ်အရွယ်ရှိ သူမ၏ သားဖြစ်သူတို့သည် ရေးမြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လွင်မိုးအေးသည် စစ်ကောင်စီနှင့် အနီးကပ် ရင်းနှီးပူးပေါင်းကာ မသမာ လုပ်ငန်း လုပ်ဆောင်သူ ချဲဒိုင်တစ်ဦးဖြစ်သည်” ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုအပြီး တပ်ပြန်အဆုတ် နံနက် ၉ နာရီခွဲခန့်တွင် အာယုတောင်ရွာနှင့် တောင်စွန်းကြား၌ ရေးဘီလူးအဖွဲ့နှင့် စစ်ကောင်စီတပ် ခမရ(၃၄၃)၊ ခမရ (၅၈၃) တို့ကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ရေးဘီလူးအဖွဲ့မှ ရှေ့တန်းသို့ သယ်ဆောင်လာသော ခဲယမ်းများ ကုန်သွားသဖြင့် တပ်ပြန်ဆုတ်ရာတွင် ကားတစ်စီးကို ထားခဲ့ရသော်လည်း အဖွဲ့သားများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရေးဘီလူးခေါင်းဆောင်က ပြောသည်။

“စစ်ကောင်စီတပ်က (၃၄၃) တပ်နဲ့ (၅၈၃) တပ် နှစ်တပ်ပေါင်းပြီး ပစ်တယ်။ ကျနော်တို့ ဆုတ်လမ်းကို ဖြတ်ပစ်တာ။ အပိုင်ပစ်တာဗျ။ ကျနော်တို့ ကံကောင်း စွာနဲ့ ကျနော်တို့ အရင်မြင်သွားတော့ ကင်းပုန်းရသွားတယ်။ သူတို့က ဆုတ်လမ်းမှာ ရှိနေတော့ ကျနော်တို့ ကားတစ်စီးကျန်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အခြေစိုက် လှုပ်ရှားနေသော ရေးဘီလူး အဖွဲ့သည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီကို အားပေးထောက်ခံသူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် အရုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာကြား ခံသင်းတံတားအနီးရှိ အင်အား ၁၅ ဦးခန့်ရှိသည့် စစ်ကောင်စီတပ် စခန်းကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့သည်။

အလားတူ မတ်လ ၈ ရက်နေ့ကလည်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ကို ဆက်သွယ်ထားသည့် တနင်္သာရီလမ်းမကြီးဘေးရှိ ရေးတံတားကြီး စစ်ကောင်စီတပ် ဂိတ်စခန်းအား ရေးဘီလူးအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly