အမေရိကန်နှင့် မဟာမိတ်များက   ပါကစ္စတန် TTP အဖွဲ့ကို အဓိကခြိမ်းခြောက်မှုအဖြစ် ယူဆထား

By The Express Tribune
16 March 2023
အမေရိကန်နှင့် မဟာမိတ်များက   ပါကစ္စတန် TTP အဖွဲ့ကို အဓိကခြိမ်းခြောက်မှုအဖြစ် ယူဆထား

အမေရိကန်နှင့် အဓိကမဟာမိတ်များက တရားမဝင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) သည် ပါကစ္စတန်သာမက ၎င်းတို့၏ လုံခြုံရေးအတွက်ပါ အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတ်မှတ်ထားသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် လွန်ခဲ့သောလက ကျင်းပခဲ့သည့် အစည်းအဝေး၌ အနောက်နိုင်ငံအများအပြားက အဆိုပါ တရားမဝင် အကြမ်းဖက်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံမှ လှုပ်ရှားနေသည်ဟူသော ပါကစ္စတန်၏ ယူဆချက်ကို ထောက်ခံခဲ့ကြသည်။ 

သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ်များသည် အာဖဂန်အခြေအနေကို ဆွေးနွေးရန် ဖေဖော်ဝါရီ ၂၀ ရက်က ပြင်သစ်နိုင်ငံ မြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အပါအဝင် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည့် ပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၇ ရက်တွင် မထုတ်ပြန်မီအထိ အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး ရက်သတ္တ ၂ ပတ်ကျော်ကြာ လျှို့ဝှက်ထားခဲ့သည်။

ယူကရိန်းစစ်ပွဲစတင်သည့် တစ်နှစ်ပြည့်မတိုင်မီ ကျင်းပသည့် အစည်းအဝေးအရ အနောက်နိုင်ငံများသည် ယူကရိန်း ပဋိပက္ခအပေါ် စိုးရိမ်နေနိုင်သော်လည်း အာဖဂန်နစ္စတန်အရေးကိုလည်း မေ့မထားပေ။ 

အာဖဂန်နစ္စတန်ရှိ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် ပြည်နယ် (ISKP)၊ အယ်ကိုင်ဒါအဖွဲ့၊ တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP)နှင့် အခြား အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများ တိုးလာခြင်းအပေါ် အမေရိကန်နှင့် ၎င်း၏ အနောက်တိုင်းမဟာမိတ်များက စိုးရိမ်လျက်ရှိကြောင်း  ပူးတွဲထုတ်ပြန်ချက်တွင် အဓိက ဖော်ပြထားသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP)အပါအဝင် အဆိုပါအဖွဲ့များသည် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အဆိုပါအဖွဲ့များကို ခိုလှုံခွင့်မပေးရန် အာဖဂန်နစ္စတန်အနေဖြင့် တာဝန်ရှိသည့်အတိုင်း လုပ်ဆောင်ရေး တာလီဘန်အဖွဲ့ကို တောင်းဆိုခဲ့သည်။
တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) သည် မိမိတို့၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် အနောက်အုပ်စုက ပထမဆုံးအကြိမ် အတိအလင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်တွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ခြိမ်းခြောက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးအခြေအနေ ယိုယွင်းလာမှုများအပေါ် စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် ယခုအခါ အာဖဂန်ပြည်သူ ၂၈ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကာ ၎င်းတို့အနက်မှ ထက်ဝက်ကျော်သည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး လူပေါင်း ၆ သန်းကျော်သည် အငတ်ဘေးဆိုက်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly