ပါကစ္စတန်တွင် ၃ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပေါင်း ၆၃ ၀၀၀ ကျော် ဖြစ်ပွားခဲ့

By Dawn
15 March 2023
ပါကစ္စတန်တွင် ၃ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပေါင်း ၆၃ ၀၀၀ ကျော် ဖြစ်ပွားခဲ့

ပါကစ္စတန်တွင် လွန်ခဲ့သည့် ၃ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပေါင်း ၆၃ ၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အသွားအလာကန့်သတ်မှုများ ချမှတ်ထားသည့် ၂၀၂၀ ခုနှစ်၊ ပထမ ၆ လအတွင်း ယင်းကဲ့သို့ ဖြစ်စဉ်ပေါင်း ၄ ၀၀၀ ခန့် ရှိခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (NCHR) က မတ်လ ၇ ရက်တွင်ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ 

ယင်းအမှုများ၏ ၈၀ ရာခိုင်နှုန်းသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် ဆက်နွှယ်နေပြီး ၄၇ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်သည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အိမ်တွင်းအဓမ္မပြုကျင့်မှုများဖြစ်ကြောင်း လူ့အခွင့်အရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ကော်မရှင်က ပြောကြားခဲ့သည်။ 

အဆိုပါ အချက်အလက်များသည် တိုင်ကြားလာသည့် အမှုအခင်းများအပေါ်တွင်သာ အခြေခံထားသောကြောင့် အမှန်တကယ် အရေအတွက်သည် ပိုမိုများနိုင်သည်ဟု ဆိုသည်။

စာမျက်နှာ ၅၇ မျက်နှာပါ အဆိုပါ အစီရင်ခံစာသည် အမျိုးသမီများအား အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသည့် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံမှုနှင့် ဖိုဝါဒကြီးစိုးသော ဖွဲ့စည်းပုံများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ဥပဒေမူဘောင်များ ဖော်ဆောင်ရန် မျှော်မှန်းထားပြီး အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို တိုက်ဖျက်မည့် မူဝါဒအကျဉ်းချုပ် ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သည့် အထက်လွှတ်တော်အမတ် ရှာရီရေမန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အနိုင်ကျင့်လွှမ်းမိုးလိုစိတ်ကို ပြသခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်များကို လူမသိသူမသိ ကူးစက်ရောဂါနှင့် ရှက်ဖွယ်လိလိ စာရင်းဇယားအချက်အလက်များအဖြစ် ဝေဖန်ခဲ့သည်။

“အမျိုးသမီး ၉၀ ရာခိုင်နှုန်းဟာ ဘဝတစ်သက်တာမှာ အိမ်တွင်းအကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးနဲ့ ကြုံတွေ့ရပေမယ့် ၅၀ ရာခိုင်နှုန်းက တိုင်ကြားခြင်းမပြုကြဘဲ ၀ ဒသမ ၄ ရာခိုင်နှုန်းကသာ တရားရုံးမှာ တိုင်ကြားမှုတွေ ပြုလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။
"မိမိတို့၏လူ့အဖွဲ့အစည်းသည် ဖိုဝါဒလွှမ်းမိုးလျက်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို သာမန်ကိစ္စဖြစ်သွားစေသည့် အဖွဲ့အစည်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများအောက်တွင် ရောက်ရှိနေသည်” ဟု ၎င်းက ဆိုသည်။ 

အိမ်တွင်းအကြမ်းဖက်မှု၏ မူလဇာစ်မြစ်ကို ဖြေရှင်းရာတွင် ဥပဒေပြုရေးအပြင် လူ့အဖွဲ့အစည်းအတွင်း ဥပဒေများနှင့် အပြောင်းအလဲများကို အကောင်အထည်ဖော်ခြင်းသည်လည်း ထပ်တူထပ်မျှ အရေးကြီးကြောင်း  အထက်လွှတ်တော်အမတ် ရှာရီရေမန်က ပြောကြားခဲ့သည်။

အိမ်တွင်းအကြမ်းဖက်မှု အဆုံးသတ်ရေးဥပဒေမူကြမ်းကို ၂၀၀၄ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သော်လည်း ဥပဒေကို သဘောပေါက်နားလည်ရန် လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုထုတ်ပြန်ချက်မှတစ်ဆင့် အမျိုးသမီးများ တန်းတူရည်တူ အခွင့်အာဏာရှိပြီး အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ချရန် ကော်မရှင်က ရည်ရွယ်ထားကြောင်း နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (NCHR) ဥက္ကဋ္ဌ ရာဘီယာ ဂျာဗာရီ အဂ္ဂါက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly