မုံရွာမြို့ ထနောင်းတောတောင်ရွာကို စစ်ကောင်စီမီးရှို့နေ၊ကျေးရွာ ၈ ရွာမှဒေသခံများ ထွက်ပြေးနေရ 

By 008၊မန္တလေး (မဇ္ဈိမ)
15 March 2023
မုံရွာမြို့ ထနောင်းတောတောင်ရွာကို စစ်ကောင်စီမီးရှို့နေ၊ကျေးရွာ ၈ ရွာမှဒေသခံများ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မတ်လ ၁၅ရက် နံနက်ပိုင်းတွင် နှစ်ကြိမ်ဝင်ရောက် မီးရှို့နေပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာရှစ်ရွာမှဒေသခံများ ထွက်ပြေးနေရကြောင်းသိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် ထနောင်းတောတောင်ရွာသို့ မတ် ၁၅ရက်၊နံနက် ၆နာရီတွင် ဝင်ရောက်မွှေနှောက်ပြီး နံနက် ၉နာရီတွင် ပထမအကြိမ် မီးရှို့ခဲ့ကြောင်း၊ ထို့နောက်  ပြန်လည်ထွက်ခွာသွားပြီး နေ့လယ် ၁၂ နာရီ၌ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာကာ  ထပ်မံမီးရှို့ခဲ့သည်ဟု ဒေသခံများကပြောသည်။ 

"မနက်က တကြိမ်၊အခုတကြိမ် ရှို့နေတယ်"ဟု ထနောင်းတောတောင်ရွာသားတဦးက မဇ္ဈိမကို ပြောသည်။ 

စစ်ကောင်စီတပ်က မီးရှို့နေခြင်းကြောင့် ထနောင်းတောတောင်ရွာ အနီးပတ်ဝန်းကျင်ရှိ ​ကျေးရွာရှစ်ရွာမှဒေသခံများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ 

"အကုန်ကတော့ လွတ်ရာပြေးနေရတယ်။ဘယ်နှစ်အိမ်လောင်နေတယ်ဆိုတာ မသိသေးဘူး။ရွာထဲပြန်ဝင်ရမှပဲသိရတော့မယ်။မနက်ကတော့ တောတဲတိုက်နဲ့နေအိမ်အချို့အရှို့ခံရတယ်"ဟု ဒေသခံတဦးကပြောသည်။ 

မီးရှို့နေသည့် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

စာတည်း - မောင်ကြီး

ပုံစာ - ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်ဖွဲ့မှ ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required