ဒီးမော့ဆိုတွင် ပိတ်မိနေသည့် စစ်ရှောင်များအား KNDFနှင့် လူမှုရေးအဖွဲ့ပူးပေါင်းလှူဒါန်း၊ စစ်ဘေးရှောင်ပြည်သူ ၃ဝဝဝဝ ခန့်ရှိလာ 

By ဂျူချန်း (မဇ္ဈိမ)
15 March 2023
ဒီးမော့ဆိုတွင် ပိတ်မိနေသည့် စစ်ရှောင်များအား KNDFနှင့် လူမှုရေးအဖွဲ့ပူးပေါင်းလှူဒါန်း၊ စစ်ဘေးရှောင်ပြည်သူ ၃ဝဝဝဝ ခန့်ရှိလာ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဧရိယာများတွင် ပိတ်မိနေသည့်  စစ်ဘေးရှောင်များအား ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီး စားသောက်ကုန်အချို့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊တပ်ရင်း(၉)မှ  ဒုတပ်ရင်းမှူးနှင့် တိုင်ပင်ချိတ်ဆက်ကာ စစ်ဘေးသင့်ရှောင်ပြည်သူများအား မုန့်နှင့်ရေသန့်ဗူးများ၊အအေးဗူးများလှူဒါန်းခဲ့ခြင်းဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်က မဇ္ဈိမကိုပြောသည်။ 

"စစ်ပွဲဖြစ်တဲ့နေရာနဲ့နီးကပ်ပြီး စစ်ကြောင်းထိုးလာလို့ပိတ်မိတဲ့သူရှိသလို စစ်ရှောင်ရင်းပိတ်မိတဲ့သူတွေလည်းရှိပါတယ်။စစ်ကောင်စီကတော့ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေရှိပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်လာနိုင်ခြေရှိပါတယ်" ဟု ဦးဇော်မင်းထိုက်ကပြောသည်။ 

ဒီးမောဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်‌သည့် လက်နက်ကြီးများသည်  အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်ပျက်စီးမှုများလည်းရှိနေသည်ဟု သိရသည်။ ထို့အပြင်ဒီးမော့ဆိုမြို့အရှေ့ခြမ်းတွင် စစ်ရေးတင်းမာနေပြီး  တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေသည့် စစ်‌ဘေးရှောင်များအား ကရင်နီလူမှုကူညီရေးအသင်းပေါင်းစုံမှ ကယ်ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ 

ဒီးမော့ဆိုအရှေ့ခြမ်းတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ KNDF၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင်အရေအတွက် ၃၀,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ 

ဒီးမောဆိုမြို့အရှေ့ခြမ်းဒေသရှိ ဒေါသဲရွာ၊ဒေါတမြေးရွာနှင့်ဒေါညေးခူရွာပတ်ဝန်းကျင်တွင် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၊ ဒီးမောဆိုအရှေ့ခြမ်းဒေသအတွင်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရန်နှင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဒေသကာကွယ်ရေးတပ်များကပြောသည်။ ထို့ကြောင့် ဒေသခံများအတွက် အရေးပေါ်အကူအညီများလိုအပ်နေပြီး ပြည်သူများအနေဖြင့်  ကူညီထောက်ပို့ လှူဒါန်းပေးရန် KNDFက မေတ္တာရပ်ခံထားသည်။ 

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်သို့၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ စစ်ဆင်ရေးနှင့်နယ်မြေရှင်းလင်းရေးပြုလုပ်ရန်အတွက်   လူအင်အား၊လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly