အမျိုးသမီးများနှင့်မိန်းကလေးများအား လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် ပြည်ပရောက် ပါကစ္စတန် ခရစ်ယာန်ဘာသာဝင်များ ဆန္ဒပြ

By ANI 
15 March 2023
အမျိုးသမီးများနှင့်မိန်းကလေးများအား လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် ပြည်ပရောက် ပါကစ္စတန် ခရစ်ယာန်ဘာသာဝင်များ ဆန္ဒပြ

ပါကစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံရှိ ပြည်ပရောက် ပါကစ္စတန်ခရစ်ယာန်ဘာသာဝင်များက မတ်လ ၈ ရက်တွင် ဆန္ဒပြကြသည်။ 

ဆန္ဒပြပွဲကို မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်နိုင်ငံရှိ ခရစ်ယာန်အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကော်မတီ၊ ပြည်ပရောက် ပါကစ္စတန်ခရစ်ယာန်မဟာမိတ်အဖွဲ့နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(GHRD)တို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် မသိကျိုးကျွံပြုထား၍မရသော ပြဿနာတစ်ခုဖြစ်သည်။ ပါကစ္စတန် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတစ်ဦးဖြစ်ရခြင်းက ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရသည်ဟု လူ့ခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ အက်ဆစ်ဖြင့်ပက်၍ တိုက်ခိုက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် အတင်းအကျပ် လက်ထပ်စေခြင်းအပါအဝင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများသည် ပါကစ္စတန်နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည်။ လူနည်းစု အသိုက်အဝန်းမှ အမျိုးသမီးများသည် အတင်းအဓမ္မ ဘာသာကူးပြောင်းခံမှုနှင့် လက်ထပ်ထိမ်းမြားမှုကိုပါ ကြုံတွေ့နေရသည့်အတွက် ပို၍ပင် အန္တရာယ်များသည်။

ပါကစ္စတန်ရှိ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အခြားဘာသာရေး လူနည်းစုများ၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားလာသည်။ အဆိုပါ အမျိုးသမီးများသည် အာဏာပိုင်များ၊ နိုင်ငံရေး အစုအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပဒေသရာဇ်ဆန်ဆန် အဖွဲ့အစည်းများ၏ ခွဲခြားဆက်ဆံသည့် သဘောထားမှုများကို အဆိုးဆုံး ကြုံတွေ့နေရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဘာသာရေးလူနည်းစု အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပြန်ပေးဆွဲခြင်း၊ အတင်းအကျပ် ဘာသာကူးပြောင်းခံရခြင်း၊ အတင်းအကျပ်လက်ထပ်ခြင်းနှင့် နှိပ်စက်ခြင်းများကို ခံနေကြရပြီး အဆိုပါရာဇဝတ်မှုများကို ဥပဒေလမ်းကြောင်းမှ ရင်ဆိုင်ဖြေရှင်းရန် မိသားစုဝင်များ၏ ကြိုပမ်းမှုများမှာလည်း အောင်မြင်ခြင်း မရှိပေ။

အဆိုပါ ဆန္ဒပြပွဲကို ပါကစ္စတန် သံရုံးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
ပါကစ္စတန်ရှိ ခရစ်ယာန်များနှင့် အခြားလူနည်းစုဘာသာဝင်များသည် မွတ်စလင်များနှင့် အစိုးရအာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုများ ကြုံတွေ့နေကြရသည်။

ပါကစ္စတန်သည် အထူးသဖြင့် လူနည်းစုများကို ပစ်မှတ်ထားသည့် အငြင်းပွားဖွယ်ရာ ပုတ်ခတ်စော်ကားမှုဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကို ကာကွယ်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများရှိအောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဥရောပသမဂ္ဂက သုံးသပ်ခဲ့သည်။

ပါကစ္စတန်တွင် ဟိန္ဒူ၊ ခရစ်ယာန်၊ အဟ်မဒီယာနှင့် ရှီးယိုက်ကဲ့သို့ လူနည်းစုဘာသာဝင်များသည် မကြာခဏ ထိပါးနှောင့်ယှက်ခံနေကြရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly