ကုလသမဂ္ဂ၏ မထိရောက်သော မြန်မာဆုံးဖြတ်ချက်အား အားကောင်းစေမည့် နည်းလမ်းများ 

ကုလသမဂ္ဂ၏ မထိရောက်သော မြန်မာဆုံးဖြတ်ချက်အား အားကောင်းစေမည့် နည်းလမ်းများ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်က မြန်မာအရေး ဆုံးဖြတ်ချက်သည် အတည်ပြုပြဋ္ဌာန်းချိန်မှစပြီး မြန်မာအာဏာသိမ်း စစ်ကောင်စီက ရက်ဆက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကြောင့် ထိရောက်မှု မရှိကြောင်းကို ပြသလျက် ရှိသည်။ 

ထိုအတွက် အဆိုပါ ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ ပဋိညာဉ်၏ အခန်း( ၇ )ကို မှီငြမ်းသင့်သည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်း Progressive Voice က ပြောသည်။ အခန်း( ၇ )အရ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်မှုများအား ပိုပြီး အင်အားပါသည့် အရေးယူမှုများကို လုံခြုံရေးကောင်စီက ဆောင်ရွက်နိုင်သည်။ အခန်း( ၇ )ကို မှီငြမ်းခြင်း မရှိပါက လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ရှိသာရှိနေပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု မြောက်နေသည့် လုပ်ရပ်များ အဆုံးသတ်ရေးကို ယဉ်ကျေးစွာ မေတ္တာရပ်ခံနေခြင်းသာ ဖြစ်နေမည်ဟု Progressive Voice က ပြောသည်။ 

၂၀၂၂ ဒီဇင်ဘာလက ဆုံးဖြတ်ချက်အတွင်း တောင်းဆိုဆော်ဩထားမှုများကို စစ်ကောင်စီက အလုံးစုံ မထီမဲ့မြင် ပြုလျက် ရှိသည်။ အမှန်အားဖြင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးယူမှု အားနည်းခြင်းသည် စစ်ကောင်စီအား ၎င်း၏ မတရားပြုကျင့်မှုများ၊ မကြုံဖူးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းများကို တိုးမြှင့်လုပ်ဆောင်ရန် ရဲဆေးတင်ပေးနေလျက် ရှိနေသည်ဟု ယင်းလူမှုအဖွဲ့အစည်းက ပြောသည်။ 

ကုလသမဂ္ဂ ဆုံးဖြတ်ချက်၏ လက်ငင်း မထိရောက်မှုများကို တုံ့ပြန်ကာ Progressive Voice က လုံခြုံရေးကောင်စီအနေဖြင့် ကျင့်သုံးသင့်သော အကြံပြုချက်များကို စာရင်းပြုစု တင်ပြလာခဲ့သည်။ 

လုံခြုံရေးကောင်စီအနေဖြင့် ပဋိညာဉ် အခန်း (၇) ကို မှီငြမ်းသော ထပ်တိုး ကောင်စီ ဆုံးဖြတ်ချက်ကို ချမှတ်သင့်ပြီး အောက်ပါတို့ကို ဖော်ဆောင်သွားသင့်သည်ဟု ယင်းအဖွဲ့က အကြံပြုသည်။ 

မြန်မာအပေါ် ကျယ်ပြန့်ပြီး ပူးပေါင်းဆောင်ရွက်မှုပါသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု ပိတ်ပင်ရန် အကြံပြုထားသည်။ ထိုပြင် မြန်မာစစ်တပ်၏ ရက်စက်သော ရာဇဝတ်မှုများကို အားဖြည့်ပေးနေသော လေယာဉ်ဆီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေတို့အပါအဝင် မြန်မာစစ်တပ်၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများ၊ လက်နက်ပွဲစားများနှင့် မိတ်ဖက်များကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ ရည်ညွှန်းခြင်း သို့မဟုတ် အထူးစီမံထားသော ခုရုံးတစ်ရပ် ထူထောင်သင့်သည်။  

Progressive Voice သည် ယခုကဲ့သို့ တိုက်တွန်းဆော်ဩထားသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မည်သို့ ဆောင်ရွက်သင့်ကြောင်းကို အကြံပြုထားသည်။ 

မြန်မာနိုင်ငံ အကျပ်အတည်းအား တုံ့ပြန်သည့် လက်ရှိ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ချွတ်ယွင်းအားနည်းနေခြင်းကြောင့် အကြမ်းဖက်မှုများ တာဝန်ခံမှု နည်းပါးခြင်းများနှင့် ပဋိပက္ခများ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂ၏ တာဝန်ရှိမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ဦးစားပေးဖို့ဆောင်ပေးသည့် အရေးယူမှုတစ်ရပ်ကို ဖော်ဆောင်သင့်သည်ဟု အကြံပြုဆိုထားသည်။ 

ထိုပြင် မြန်မာနိုင်ငံမှ လာရောက်သော ဒုက္ခသည်များကို ခိုလှုံခွင့်ပေးပြီး UNHCR နှင့် INGOs အပြင် လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများမှ အကူအညီများ ရရှိရေးအတွက် ဆောင်ရွက်ပေးပြီး ဒုက္ခသည်များ၏ အခွင့်အရေးကို ကာကွယ်ရန် မြန်မာအိမ်နီးချင်းနိုင်ငံများအား Progressive Voice က တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly