ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်အချောထည်စက်ရုံ မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်အချောထည်စက်ရုံ မီးလောင်မှုဖြစ်ပွား

မဇ္စျိမ။ ။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့ညပိုင်းက သစ်အချောထည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းများထံံမှ သိရသည်။

“မီးလောင်ချိန် တစ်နာရီလောက် ကြာခဲ့တယ်၊ မီးသတ်က Level 2 အဆင့် အင်အားသုံးရာလောက်နဲ့မီးငြှိမ်းသတ် ခဲ့ရတယ်၊ ကျွန်တော်တို့လူမှုရေးအသင်းတွေဆိုရင်လည်း ရေကား မီးဆလိုက် တတ်နိုင်တာအကုန် ဝိုင်းကူညီ ပေးခဲ့ကြတယ်၊ ဒါကြောင့်မို့လို့လည်း တစ်နာရီလောက် လောင်ခဲ့ပေမယ့် ဘေးကူးစက်တာမရှိခဲ့ဘူး၊ ရေကားချည်း အစီး ၅၀ လောက် ရှိမယ်။ လူမှုရေးအသင်းက ကူတာတွေရောဘာရောဆိုရင် ကြီးကြီးမားမား ထိခိုက်တာတွေတော့မရှိပါဘူး” ဟု မီးလောင်ပြင်ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့သည့် ပရဟိတ သမားတစ်ဦးကပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်၊ စက်မှုပန်းခြံလမ်းနှင့် ပန်းရံတော်ချောင်းတံတား ကြား၊ ၆၈  လမ်းနှင့် ၆၉ လမ်းကြားရှိ၊ သစ်အချောထည်စက်ရုံတစ်ရုံ ယမန်နေ့ မတ်လ ၁၃ ရက် ည ၁၁ နာရီ ၅၆ မိနစ်အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးစလောင်ပြီးသိပ်မကြာဘူး မီးသတ်ကားတွေရောက်လာတယ်၊ မီးက တအားများတော့ နောက်ထပ်ပြီး မီးသတ်ကားတွေရော၊ ပရဟိတကားတွေရော ရောက်လာတာ၊ ညဉ့်နက်သန်းခေါင်ကြီး လောင်တာဆိုတော့၊ ညက လေကလည်းတိုက်တယ်လေ၊ ကျွန်တော်တို့ဘက် မီးကူးလာမယ်လို့ထင်ပြီး အထုပ်တွေပြင်ထားတာ၊ မီးသတ်ရော ပရဟိတရေသယ်ကားတွေရော အချိန်မီလို့ ရပ်ကွက်လေးဘေးကင်း သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို၊ မန္တလေးခရိုင်အတွင်းရှိအရန်မီးသတ် ၁၈၀ဦး၊ သန္ဓေမီးသတ် ၁၂၀ ဦး၊ အုပ်ချုပ်မှုယာဉ် လေးစီးနှင့် ကွပ်ကဲမှုယာဉ် လေးစီး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီးနှင့် ရေသယာဉ်အစီး ၄၀ တို့ဖြင့် Level 2 အဆင့် သတ်မှတ်ကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ည ၁၂ နာရီမထိုးခင်လေးမှာစလောင်တယ်၊ နောက်တစ်ရက်မနက် ၁ နာရီမထိုးခင်လေးမှာ မီးလုံးဝငြိမ်းသွားတယ်ဆိုတော့ မီးလောင်ချိန်တစ်နာရီလောက်ရှိတာပေါ့၊ ဘေးဘီကူးဆက်တာမရှိပါဘူး” ဟု မြို့နယ်မီးသတ်တပ်ဖွဲ့၀င် တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် အဆိုပါစက်ရုံအတွင်းရှိ ပေ ၂၅၀ ပေ ၆၀ အဆောက်အဦတစ်လုံး၊ သစ်အချောနှစ်တန်နှင့် အကြမ်း ၁၀တန် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၃၁,၂၅၀,၀၀၀ ကျပ် သတ်မှတ်ကြောင်း၊ စက်ရုံ မန်နေဂျာဖြစ်သူကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် (ပ)၇၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယနေ့နံနက် ၁ နာရီခွဲခန့်အချိန်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်းကြားရှိ အိမ်မွေးတိရစ္ဆာန်အစာ အရောင်းဆိုင်တစ်ခုအတွင်း မီးလန့်မှုဖြစ်ပွားခဲ့သေးသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly