မြန်မာတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေး 

By The National 
14 March 2023
မြန်မာတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေး 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီ၏ နှေးကွေးသော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ အစီရင်ခံစာကို ကြားနာရန် တနင်္လာနေ့က တွေ့ဆုံခဲ့ကြသည်။  

ဖယ်ရှားခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် စစ်ကောင်စီအား တိုက်တွန်းထားခြင်းနှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် တောင်းဆိုထားသော ဆုံးဖြတ်ချက်တစ်ရပ်ကို လုံခြုံရေးကောင်စီက ဒီဇင်ဘာလအတွင်း ချမှတ်ထားခြင်း ဖြစ်သည်။ 

သို့ရာတွင် ဆုံးဖြတ်ချက် အတည်ပြုချိန်မှစပြီး မြန်မာနိုင်ငံက စစ်ခေါင်းဆောင်များ၏ မတော်မတရား ပြုကျင့်မှုများ ပိုမို ဆိုးဝါးလာသည်ကို အထူးသံတမန် နိုလင်းဟေဇာက တနင်္လာနေ့၌ ပြုလုပ်သည့် ယခု တံခါးပိတ်အစည်းအဝေးတွင် ဆွေးနွေးဖွယ် ရှိသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာသည် တံခါးပိတ်အစည်းအဝေး၌ လုံခြုံရေးကောင်စီနှင့် တွေ့ဆုံမည်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ၌ ကောင်စီက အတည်ပြုခဲ့သော ဆုံးဖြတ်ချက် ၂၆၆၉ အား အကောင်အထည်ဖော်ရေးတွင် ၎င်း၏ အားထုတ်မှုများကို တင်ပြလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောသည်။ 

ထိုပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေး၊ သက်ဆိုင်သူအားလုံးကြား စေ့စပ်ညှိနှိုင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ခြင်းတို့ကို တောင်းဆိုထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည် ဖော်မှုနှင့် ပတ်သက်ပြီး တင်ပြရန် ကောင်စီ၏ တောင်းဆိုချက်ကိုလည်း နိုလင်းဟေဇာက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်သော ခြုံငုံသုံးသပ်ချက်နှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အဓိကပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်ပြီးလည်း အကျဉ်းရုံးကို တင်ပြသွားလိမ့်မည် ဖြစ်သည်။ အထူးသံတမန်အအနေဖြင့် ကျယ်ပြန့်သော လူသားချင်း စာနာထောက်ထားရေး အကူအညီ၊ ရိုဟင်ဂျာများ ပညာရေး၊ အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် အခြားသော အသံတိတ်နေသည့် ကိစ္စရပ်များကိုပါ တင်ပြသွားမည်ဖြစ်ပြီး ယခု သီတင်းပတ် နှောင်းပိုင်းတွင် အထွေထွေညီလာခံသို့ အစီရင်ခံသွားရန် ရှိနေကြောင်း ဒူဂျာရစ်က ပြောသည်။ 

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေး လွယ်ကူအဆင်ပြေစေရန် အင်ဒိုနီးရှားနိုင်ငံ၏ ချည်းကပ်မှုများနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီကလည်း ယခု အစည်းအဝေးတွင် တင်ပြသွားနိုင်သည်။  

“တစ်မျိုးသားလုံး ဆွေးနွေးပွဲတွေ ဖန်တီးဖြစ်ပေါ်လာဖို့ ဘုံသဘောတူညီချက် ငါးရပ်အပေါ် သက်ဆိုင်သူအားလုံး ပါဝင်ခြင်းကနေပဲ ဖော်ဆောင်သွားနိုင်မှာ ဖြစ်တယ်”ဟု မာဆုဒီက ဇန်နဝါရီ ၁၁ ရက်တွင် ပြောထားသည်။ မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းမှ လွန်မြောက်ရေးအတွက် အင်ဒိုနီးရှားက ကြိုးပမ်းနိုင်သမျှ ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောသည်။ 

ထိုပြင် မြန်မာစစ်အာဏာပိုင်များသည် ဘုံဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ရေးတွင် သိသာသော တိုးတက်မှုများ ဖော်ဆောင်ခြင်းမရှိဟု မာဆုဒီက ပြောထားသည်။ 

ဗြိတိန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဘာဘာရာ ဝုဒ်ဝက်ဒ်က လုံခြုံရေးကောင်စီသည် “ဖြစ်ထွန်းမှုများကို တွေ့မြင်ရန် လက်ရှိ၌ အမှန် မျှော်လင့်ထားကြောင်း” ယခု အစည်းအဝေး မတိုင်ခင် ပြောသည်။ 

“မြန်မာပြည်သူတွေ ဒုက္ခကြုံတွေ့နေတာ ရှည်ကြာပြီ၊ မြန်မာဟာ ကမ္ဘာမှာ အရပ်သားသေဆုံးမှု ဒုတိယအများဆုံးပဲ၊ ပြည်သူတွေအနေနဲ့ အမှန်ပဲ မစောင့်ဆိုင်းနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။ 

နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီကိုယ်တိုင် အာဆီယံနှင့် ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူထားခဲ့ခြင်း ဖြစ်သည်။ 

မြန်မာတက်ကြွလှုပ်ရှားသူ မမေစပယ်ဖြူက ကုလသမဂ္ဂ၏ ဘက်မလိုက်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ကြောင်း ကုလသမဂ္ဂတွင် သတင်းထောက်များအား ပြောသည်။  

ကုလသမဂ္ဂနှင့် နိုလင်း ဟေဇာတို့က တရားမဝင် စစ်ကောင်စီနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံနေနိုင်လျှင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများနှင့် မည်သည့်အတွက်ကြောင့် အများသိ ထိတွေ့မဆက်ဆံနိုင်သနည်းဟု ၎င်းက မေးခွန်းထုတ်ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်း ချမှတ်ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က နိုင်ငံများအား တနင်္လာနေ့တွင် တိုက်တွန်းသည်။ 

မြန်မာစစ်တပ်၏ ဆိုဝါးသော မတော်မတရား ပြုကျင့်မှုများနှင့် ဖောက်ဖျက်ခြင်းများကို တုံ့ပြန်ရန် လုံခြုံရေးကောင်စီအနေဖြင့် ထဲထဲဝင်ဝင် ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ HRW ညွှန်ကြားရေးမှူး လူဝစ် ချာဘွန်နော့ကလည်း ပြောဆိုသည်။ 

ယင်းသို့ အရေးယူ ဆောင်ရွက်ရာတွင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ခွင့် ပိတ်ခြင်း၊ မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် ရည်ညွှန်းပြောခြင်းနှင့် စစ်ကောင်စီ ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းတို့ ပါဝင်သည်။ 

“မြန်မာ စစ်ကောင်စီဟာ ရှုတ်ချမှုတွေနဲ့ စိုးရိမ်ပူပန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကို မမူဘူးဆိုတာ ပြသနေတယ်”ဟု ချာဘွန်နော့က ဆိုသည်။ 

“လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလက ဆုံးဖြတ်ချက်ကို အလေးမထားတာဟာလည်း လက်နက်ကုန်သွယ်မှု ပိတ်တာနဲ့ အကြီးတန်းစစ်အရာရှိတွေနဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအဝင် အားကောင်းတဲ့ အရေးယူမှုတွေ ချမှတ်တဲ့ ဆုံးဖြတ်ချက်သစ် လိုအပ်နေပြီဆိုတာကို ပြသနေတာပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရအား ၂၀၂၁ ခုနှစ်က စစ်တပ်က ဖြုတ်ချပြီး တာဝန်ရှိသူများအား ဖမ်းဆီးကာ အာဏာသိမ်းလိုက်သည့်နောက် ဒီမိုကရေစီ ဆန္ဒပြမှုများနှင့် လက်နက်ကိုင် ခုခံမှုများ ပေါ်ပေါက်ပြီး ဝရုန်းသုန်းကား အခြေဆိုက်လျက် ရှိသည်။ 

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ 

မြန်မာနိုင်ငံ၌ အခြေအနေ ဆိုးဝါးယိုးယွင်းနေစဉ် ယင်း အရေးအား မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နှင့် ပတ်သက်ပြီး တရုတ်နှင့် ရုရှတို့က ပြင်းထန်သည့် အရေးယူမှုကို ဆန့်ကျင်နေခြင်းအားဖြင့် လုံခြုံရေးကောင်စီတွင်လည်း သဘောကွဲလျက်ရှိသည်။ 

အာဏာသိမ်းချိန်မှစပြီး အရပ်သား ၂,၆၀၀ ကျော် သတ်ဖြတ်ခံရကာ ဖမ်းဆီးခံရသူပေါင်း ၁၉,၀၀၀ ကျော်ထက်မနည်း ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required