ငွေကြေးအကျပ်အတည်းကြောင့် ပါကစ္စတန်ရှိ ဟွန်ဒါကားစက်ရုံ ပိတ်သိမ်း

By ANI 
14 March 2023
ငွေကြေးအကျပ်အတည်းကြောင့် ပါကစ္စတန်ရှိ ဟွန်ဒါကားစက်ရုံ ပိတ်သိမ်း

ပါကစ္စတန်တွင် လက်ရှိဖြစ်ပေါ်နေသော ငွေကြေးအကျပ်အတည်းများကြောင့် နောက်ထပ် ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Honda သည် ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်များတွင် ဆိုးဆိုးရွာရွား အနှောင့်အယှက်များရှိခဲ့သည့်အတွက် စက်ရုံကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မတ်လ ၈ ရက်က ကြေညာသည်။

ပါကစ္စတန်နိုင်ငံတွင် Honda မော်တော်ကားများ တပ်ဆင်ထုတ်လုပ်သည့် Honda Atlas Cars ကုမ္ပဏီသည် ပိတ်သိမ်းရမှုနှင့်ပတ်သက်၍ လက်ရှိ စီးပွားရေး အခြေအနေအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး စက်ရုံအား မတ် ၉ ရက်မှ ၃၁ ရက်အထိ ဆက်ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Honda Atlas Cars ကားထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်းနှင့် လကုန်အထိ စက်ရုံကို ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်ရုံပိတ်သိမ်းရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ကုမ္ပဏီက “တစ်စစီဖြုတ်ထားသော ပစ္စည်းအစိတ်အပိုင်းများ(CKD)နှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းနှင့် ပြည်ပသို့ငွေပေးချေခြင်းများ ပြုလုပ်ရန် သွင်းကုန်ငွေလွှဲစာတမ်း (LCs) ဖွင့်လှစ်ခွင့် ကန့်သတ်ခြင်းအပါအဝင် အစိုးရက တင်းကျပ်သော အစီအမံများကြောင့် ကုမ္ပဏီ၏ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များအပေါ် ဆိုးဆိုးရွာရွားထိခိုက်လျက်ရှိသည်ဟု” ပြောကြားခဲ့သည်။ 
အကျိုးဆက်အနေဖြင့် ကုမ္ပဏီသည် ထုတ်လုပ်မှုကို ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေ မရှိသည့်အတွက် စက်ရုံကို မတ် ၉ ရက်မှ ၃၁ ရက်နေ့အထိ ပိတ်ထားရမည်ဖြစ်သည်ဟု ဆိုသည်။

ပါကစ္စတန်ရှိ Pak Sukuzi Motor Company (PSMC) ကုမ္ပဏီနှင့် Toyota တံဆိပ် မော်တော်ကားများ တပ်ဆင်ထုတ်လုပ်သည့် Indus Motor Company (IMC) ကုမ္ပဏီတို့သည် ၎င်းတို့၏ ကားစက်ရုံများကို အပြီးတိုင် ပိတ်သိမ်းရန် အစောပိုင်းက ကြေညာခဲ့သည်။

ရူပီးငွေတန်ဖိုး ဆက်ကျဆင်းပြီးနောက်  ပါကစ္စတန်နိုင်ငံတော်ဘဏ်က သွင်းကုန်ငွေလွှဲစာတမ်း (LCs) ဖွင့်လှစ်ခြင်းအပေါ် ကန့်သတ်ချက်များချမှတ်ခဲ့သောကြောင့် သွင်းကုန်များပေါ်တွင် မှီခိုနေရသော ပါကစ္စတန်ရှိ မော်တော်ကားလုပ်ငန်းသည် ငွေလဲနှုန်းအကျပ်အတည်းကို ကြုံတွေ့နေရကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ရောက်ရှိနေပြီး ချေးငှားစရိတ်များ ပိုမိုမြင့်တက်လာခြင်းကြောင့် ပါကစ္စတန်၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး ဝယ်လိုအား လျော့ကျနေသလို ရူပီးငွေတန်ဖို့း ကျဆင်းမှုကြောင့် အဓိက မော်တော်ယာဉ်အစိတ်အပိုင်းများ တင်သွင်းရာတွင် ဈေးနှုန်းပိုမိုကြီးမြင့်မှုကို ဖြစ်ပေါ်စေသည်။ 

မော်တော်ကားထုတ်လုပ်မှုကဏ္ဍသည် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရပြီး ကားထုတ်လုပ်ရေး ကုမ္ပဏီအများအပြားက စျေးကွက်အတွင်း ဝယ်လိုအား ကျဆင်းမှုနှင့် သွင်းကုန်ငွေလွှဲစာတမ်း (LCs)များ ရရှိရန် ရုန်းကန်နေရခြင်းတို့ကြောင့် ကုမ္ပဏီ၏ ထုတ်လုပ်ဖြန့်ချိမှုကို ထိန်းသိမ်းထားနိုင်စွမ်းမရှိခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လုံးဝပိတ်သိမ်းကြောင်း သို့မဟုတ် တစ်ချို့တစ်ဝက်ကို ပိတ်သိမ်းကြောင်း မကြာသေးမီလများအတွင်းက ကြေညာခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly