ပါကစ္စတန်တွင် TTP အကြမ်းဖက်အဖွဲ့က ၁၀ နှစ်အတွင်း စစ်သား၊ ရဲနှင့် ရိန်းဂျားတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို သုတ်သင်ခဲ့

By ANI 
14 March 2023
ပါကစ္စတန်တွင် TTP အကြမ်းဖက်အဖွဲ့က ၁၀ နှစ်အတွင်း စစ်သား၊ ရဲနှင့် ရိန်းဂျားတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို သုတ်သင်ခဲ့

အကြမ်းဖက်ဝါဒသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ရှိ လူမျိုးစုဒေသများမှ နိုင်ငံအလယ်ပိုင်း ပန်ဂျပ်ပြည်နယ်နှင့် အခြားပြည်နယ်များအထိ ကျယ်ပြန့်လာကာ တရားမဝင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် လွန်ခဲ့သော ၁၀ နှစ်အတွင်း စစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရိန်းဂျားတပ်ဖွဲ့ဝင် ၄၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် Dawn သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အချက်အလက်များသည် စစ်တပ်နှင့် တရားဥပဒေစိုးမိုးရေးဌာနများကဲ့သို့ လုံခြုံရေးမြင့်မားသောနေရာများနှင့်သာသက်ဆိုင်ပြီး အခြားအများပြည်သူဆိုင်ရာနေရာများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဒဏ်ရာရ အရပ်သားအရေအတွက်မှာလည်း သိသိသာသာ ပိုများသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မွတ်စလင်မဟုတ်သူများအဖြစ် သတ်မှတ်ခံထားရသော ပါကစ္စတန်ရှိ အဟ်မဒီယာ မွတ်စလင်လူနည်းစု၏ ဝတ်ပြုရာနေရာများအပါအဝင် ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် အခြားဝတ်ပြုရာနေရာများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။

ပက်ရှ်ဝါမြို့ရှိ စစ်တပ်အစိုးရကျောင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP ) အဖွဲ့က တိုက်ခိုက်မှုကြောင့် ကလေးငယ်အများဆုံးအပါအဝင် လူ ၁၇၄ ဦး သေဆုံးခဲ့မှုကို Dawn သတင်းစာက ထုတ်ဝေသည့် ၂၀၁၃-၂၀၂၃ ခုနှစ် ၁၀ နှစ်တာ ဖြစ်စဉ်ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ 

အကြမ်းဖက်မှုကြောင့် လူပေါင်း ၈၄ ၀၀၀ သေဆုံးခဲ့ရကြောင်း ပါကစ္စတန်၏ တရားဝင်ပြောဆိုမှုသည် မည်သည့်ကာလအပိုင်းအခြားအတွက်ဖြစ်သည်ကို မသိရကြောင်း Times of Israel သတင်းတွင် ဖော်ပြထားသည်။ အခြားအဖွဲ့အများစွာရှိသော်လည်း  တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP)သည် အကြီးဆုံးအကြမ်းဖက်အဖွဲ့ ဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းအများစုသည် အယ်လ်ကိုင်ဒါနှင့်ဖြစ်စေ၊ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ်(ISKP)အဖွဲ့နှင့်ဖြစ်စေ ပတ်သက်ဆက်နွှယ်နေကြောင်း လုံခြုံရေးကျွမ်းကျင်သူများက ဆိုသည်။

အဆိုပါ ၁၀ နှစ်တာ ဖြစ်စဉ်ထုတ်ပြန်ချက်တွင် လက်ရှ်ခါ-အီ-တာအီဘာ၊ လက်ရှ်ခါ-အီ-ဂျန်ဗီ၊ ဆီပါ-အီ-ဆာဟာဘာနှင့် တရားမဝင်ကြောင်းကြေညာခံရပါက အမည်ပြောင်းလဲလှုပ်ရှားလေ့ရှိသည့် အခြား ဆွန်နီအစွန်းရောက်အဖွဲ့အစည်းများမှ ကျူးလွန်ခဲ့သည့် လူသတ်မှုများ မပါဝင်ကြောင်း Times of Israel သတင်းတွင် ဖော်ပြထားသည်။

လက်ယာယိမ်း နိုင်ငံရေးပါတီကြီးများသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိပြီး အထူးသဖြင့် ရွေးကောက်ပွဲရာသီများတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အသုံးချကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။ 
နိုင်ငံရေးသမားကြီးများအနက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် စစ်သွေးကြွများနှင့် တွေ့ဆုံဆွေးနွေးရန် အားပေးသူဖြစ်သည်။ စစ်အာဏာရှင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်က ၎င်းကို တာလီဘန်ခန်း ဟု ခေါ်ဆိုခဲ့သည်။ 

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် ၎င်း၏ တောင်းဆိုချက်များကို  အစိုးရက လိုက်လျောမှုမရှိသည့်အတွက်  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင်တို့တွင်  တဖက်သတ်အပစ်အခတ်ရပ်ဆဲကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly