ပါကစ္စတန်တွင် ဥပဒေမဲ့လုပ်ရပ်များအပေါ် ပြည်သူများ ဆန္ဒပြ

By ANI 
13 March 2023
ပါကစ္စတန်တွင် ဥပဒေမဲ့လုပ်ရပ်များအပေါ် ပြည်သူများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ၊ ဘက်ခ်ခါခဲလ်ခရိုင်ရှိ ဒေသခံများသည် ၎င်းတို့၏ နယ်မြေအတွင်း ဥပဒေမဲ့ လုပ်ရပ်များကို ဆန့်ကျင်သည့်အနေဖြင့် မန်ဒီကုန်စိမ်းဈေးတွင် မတ်လ ၆ ရက်က ဆန္ဒပြခဲ့ကြသည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။

မျိုးနွယ်စု အကြီးအကဲများနှင့် လူငယ်များသည် မတ်လ ၅ ရက်က ပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့ရသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ချထားပြီး ဘန်နူ-မီရန်ရှားလမ်းကို မတ်လ ၆ ရက်က တားဆီးပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ 
ဒေသခံအခြားအကြီးအကဲများက ဆန္ဒပြပွဲတွင် မိန့်ခွန်းပြောကြားခဲ့ကြပြီး အပြစ်မဲ့လူငယ် ၁ ဦး သေဆုံးကာ အခြား၂ ဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများကို သွားကောက်ခဲ့ကြောင်းနှင့် ဘက်ခ်ခါခဲလ်၊ ဂျာနီခဲလ်နှင့် မာမန်ဒ်ခဲခလ်ခရိုင်များတွင် ဥပဒေမဲ့လုပ်ရပ်များအတွက် လွန်စွာစိုးရိမ်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်ဟု Pakistani သတင်းစာတွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ ဈေး၌သွားဝယ်ရန် အိမ်ကထွက်ရမှာပင် လွန်စွာ ထိတ်လန့်စိုးရိမ်နေကြကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့်  နှုတ်ဆိတ်နေမည် မဟုတ်ဘဲ မိမိတို့ လူမှုအသိုက်အဝန်းတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

အရေးယူမှုများ ပြုလုပ်ရေး စီစဉ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းသည် အဓိကတာဝန်ဖြစ်ကြောင်း အစိုးရ နားလည်သဘောပေါက်အောင် ဖိအားပေးရန် မျိုးနွယ်စု လွှတ်တော်ထံ မကြာမီ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။ ပြည်သူများက ၎င်းတို့ မိသားစုများကို စောင့်ရှောက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးမှု ပိုမိုရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းခဲ့ကြောင်းလည်း Dawn သတင်းတွင် ဖော်ပြထားသည်။ 

ဆန္ဒပြသူများသည် နောက်ပိုင်းတွင် လူစုခွဲခဲ့ကြသည့်အတွက် လမ်းပြန်ပွင့်သွားခဲ့ပြီး မတ်လ ၅ ရက်က မော်တော်ဆိုင်ကယ်တွင်ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲစဉ် သေဆုံးသွားသည့် လူငယ်ကို သင်္ဂြိုဟ်ခဲ့ကြသည်။ 

လက်ခ်ခီမာဝတ်ခရိုင်တွင် မတ်လ ၆ ရက်က တခြားနေရာများ၌လည်း သီးခြား ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ခဲ့ကာ ဆယ်ကျော်သက်တစ်ဦးအပါအဝင် လူ ၂ ဦးသေဆုံးခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly