ပါကစ္စတန်တွင် ARY News သတင်းဌာန လိုင်စင်ရပ်ဆိုင်းခံရသည့်အပေါ် စိုးရိမ်ကြောင်း အမေရိကန်ပြော

By ANI
12 March 2023
ပါကစ္စတန်တွင် ARY News သတင်းဌာန လိုင်စင်ရပ်ဆိုင်းခံရသည့်အပေါ် စိုးရိမ်ကြောင်း အမေရိကန်ပြော

ပါကစ္စတန်တွင်  ARY News သတင်းဌာန  လိုင်စင်ရပ်ဆိုင်းခံရမှုအပေါ်  စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်သည် ပါကစ္စတန်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်စရာကိစ္စများကို ပုံမှန်ထုတ်ဖော်ပြောဆိုလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

စာနယ်ဇင်းလွတ်လပ်မှုနှင့် အသိအမြင်များသော နိုင်ငံသားဖြစ်မှုတို့သည် နိုင်ငံတိုင်းနှင့် ၎င်းတို့၏ ဒီမိုကရေစီအနာဂတ်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း နက်ပရိုက်စ်က ပြောကြားခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို ထိခိုက်စေသည့် မီဒီယာနှင့် အကြောင်းအရာပိုင်း ကန့်သတ်ချက်များအပေါ် အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

"ဒါဟာ မိမိတို့ ပုံမှန်ထုတ်ဖော်ပြောဆိုနေကျ ပြဿနာတစ်ခုပါ။ ပါကစ္စတန်မှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ မိတ်ဖက်တွေအပါအဝင် ကမ္ဘာတစ်ဝန်းက သက်ဆိုင်သူတွေဆီ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပုံမှန်ပြောကြားလျက်ရှိပါတယ်” ဟု နက်ပရိုက်စ်က ပြောကြားခဲ့သည်။

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသား/အမျိုးသမီး တန်းတူညီမျှမှုကို ခိုင်မာအားကောင်းအောင် လုပ်မယ်ဆိုရင် မိမိတို့ရဲ့ တည်ငြိမ်မှု၊ သာယာဝပြောမှု၊ လုံခြုံရေးနှင့် ဒီမိုကရေစီလည်း တည်တံ့ခိုင်မာမှာပါ” ဟု နက်ပရိုက်စ်က ပြောကြားခဲ့သည်။

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့သည့်အတွက် ARY News သတင်းဌာန၏လိုင်စင်ကို ပါကစ္စတန်အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့(PEMRA) က ရပ်ဆိုင်းလိုက်ကြောင်း Dawn သတင်းတွင် ဖော်ပြခဲ့သည်။

စစ်တပ်အကြီးအကဲဟောင်း ကာမာဂျာဗက်ဘက်ဂျ်ဝါကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် အီမရန်ခန်း၏ မိန့်ခွန်းများနှင့် သတင်းစာရှင်းလင်းပွဲများအား ထုတ်လွှင့်ခြင်းနှင့် ပြန်လည်ထုတ်လွှင့်ခြင်းကို တားမြစ်ပိတ်ပင်ခြင်းသည် ယခုတစ်ကြိမ်အပါအဝင် ၃ ကြိမ်ရှိပြီ ဖြစ်သည်။

အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် အမုန်းပွားစေသော ပုတ်ခတ်သော ခိုင်လုံမှုမရှိသော ထုတ်ပြန်ပြောဆိုချက်များကို ထုတ်လွှင့်ခြင်းသည် ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၉)နှင့် ပါကစ္စတန်တရားရုံးချုပ်၏ စီရင်ထုံးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ယင်း စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ဆိုသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအား ထုတ်ဖော်ပြောဆိုခွင့်မပြုသည့် ပါကစ္စတန်၏ လုပ်ရပ်နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် နက်ပရိုက်စ်က “ဒီ အသေးအဖွဲ မေးခွန်းက အမေရိကန်ကို မေးရမှာမဟုတ်ပါဘူး၊ ဒီဆုံးဖြတ်ချက်ကို ချမှတ်ထားတဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အစိုးရ အာဏာပိုင်တွေနဲ့ပဲ ဆိုင်ပါတယ်၊ သူတို့ကို မေးသင့်ပါတယ်” ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၈ ရက်တွင် လူထုစုဝေးပွဲ ကျင်းပခွင့်ပြုရန် စီစဉ်သူများ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည့် လာဟိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP) က ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly