ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသတွင် မူဇဖ်ဖာရာဘတ်မြို့ အပါအဝင် နေရာအတော်များများ၌ ကျောက်ခွဲစက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိတ်ထားခြင်းကြောင့် မိသားစုအများအပြား ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသန္တရသတင်းစာ Siasat ဖော်ပြထားသည်။
သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက်သယံဇာတ ဌာနများက ဖွံ့ဖြိုးရေးနှင့် ကြိတ်ခွဲစက်လုပ်ငန်းဆိုင်ရာ တားမြစ်ချက်များ ချမှတ်ထားခြင်းကြောင့် ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသတွင် လူထောင်ပေါင်းများစွာသည် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပြီး အတိဒုက္ခရောက်နေကြသည်ဟု ဆိုသည်။
ပါကစ္စတန်ပိုင်ကက်ရှ်မီးယားဒေသရှိ ဂီလ်ဂစ်-ဘော်လ်တစ္စတန်သည် ဗဟိုအစိုးရထံ အညံ့ခံလာစေရန် အရာရာချို့တဲ့အောင်ပြုလုပ်ခံထားရသည့် လျစ်လျူရှုခံဒေသတစ်ခုဖြစ်ကြောင်း Pak Military Monitor သတင်းတွင် ဖော်ပြခဲ့သည်။
လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဒေသခံများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံရေးအာဏာနှင့် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ခွင့် အလွန်နည်းပါးပြီး ပါကစ္စတန်၏အစိုးရဖွဲ့စည်းပုံအရ ဆိုးရွားသော အခြေအနေမှ လွတ်လမ်းမရှိပေ။
ဂီလ်ဂစ်-ဘော်လ်တစ္စတန်ဒေသတွင် ဖက်ဒရယ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာနေကြောင်းနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ဒေသခံပြည်သူများ သက်သာရာရစေရန် လုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း Pak Military Monitor ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဒေသခံပါတီများသည် ဂီလ်ဂစ်-ဘော်လ်တစ္စတန်ကို ဖက်ဒရယ် အာဏာပိုင်များ၏ ဂုတ်သွေးစုပ် အမြတ်ထုတ်နိုင်သည့် ကိုလိုနီအဖြစ် အသုံးပြုချနေသည်ဟု ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် အဝါမီလှုပ်ရှားမှု ကော်မတီက ဆိုသည်။ ရွေးကောက်ပွဲတွင် ၎င်းတို့အား ဖြုတ်ချခြင်း မပြုသရွေ့ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေမည်ဖြစ်ကြောင်း Pak Military Monitor သတင်းတွင် ဖော်ပြထားသည်။
ဂျမူးနှင့် ကက်ရှ်မီးယားနယ်မြေတစ်စိတ်တစ်ပိုင်းကို ပါကစ္စတန်က ၁၉၄၇ ခုနှစ်တွင် တရားမဝင် သိမ်းပိုက်ပြီးနောက် ဂီလ်ဂစ်-ဘော်လ်တစ္စတန်သည် ကက်ရှ်မီးယားအငြင်းပွားမှုထဲတွင် ပါဝင်လာခဲ့သည်။
အစိုးရသည် ဂီးလ်ဂစ် ဘော်လ်တစ္စတန်တွင် နေထိုင်သူမှန်သမျှကို အစကတည်းက အလေးထားဂရုစိုက်ခြင်း မရှိခဲ့ပေ။ ထိုဒေသအား နာမည်ဆိုးဖြင့်ကျော်ကြားသော နယ်စပ်ဒေသ ရာဝတ်မှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Frontier Crimes Regulation-FCR) ဖြင့်အုပ်ချုပ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်အလွန် အစောပိုင်းကာလ ဇူလ်ဖီကာဘူတိုလက်ထက်ရောက်မှသာ ဂီလ်ဂစ်-ဘော်လ်တစ္စတန်တွင် အဆိုပါအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း Pak Military Monitor က ဖော်ပြခဲ့သည်။
ပါကစ္စတန်က သိမ်းပိုက်ထားသော ဒေသဆိုင်ရာ အစိုးရအနေဖြင့် လျှပ်စစ်မီးနှင့် စားနပ်ရိက္ခာထောက်ပံ့ကြေးများ ပြန်လည်ပေးအပ်ခြင်း အပါအဝင် တောင်းဆိုချက်များကို မတ် ၅ ရက် နောက်ဆုံးထားပြီး ဖြည့်ဆည်းပေးခြင်းမရှိပါက ဆန္ဒပြမှုကို မတ်လ ၁၀ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း ဂီလ်ဂစ်-ဘော်လ်တစ္စတန် အဝါမီလှုပ်ရှားမှု ကော်မတီက ကြေညာထားသည်။