တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနှင့် အီရန်တို့၏ ရှုပ်ထွေးသော ခြိမ်းခြောက်မှုများကို အမေရိကန်ထောက်လှမ်းရေးရုံး သတိပေး 

By ANI 
12 March 2023
တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနှင့် အီရန်တို့၏ ရှုပ်ထွေးသော ခြိမ်းခြောက်မှုများကို အမေရိကန်ထောက်လှမ်းရေးရုံး သတိပေး 

တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနှင့် အီရန်တို့က အမေရိကန်ကို ခြိမ်းခြောက်နေကြောင်း သတိပေးသည့် ၂၀၂၃ ခုနှစ် ခြိမ်းခြောက်မှုအကဲဖြတ်ချက်နှစ်စဉ်အစီရင်ခံစာကို အမေရိကန်နိုင်ငံတော်ထောက်လှမ်းရေးညွှန်ကြားရေး မှူးရုံးက မတ်လ ၈ ရက်က ထုတ်ပြန်လိုက်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် မကြုံစဖူး အားနည်းချက်များဖြစ်ပေါ်စေလျက် အစဉ်အလာစီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ထွန်းသစ်စနည်းပညာများကဲ့သို့သော ကမ္ဘာ့စိန်ခေါ်မှုများကိုလည်း အစီရင်ခံစာက သတိပေးထားသည်။

အမေရိကန်သည် ရှုပ်ထွေးသောလုံခြုံရေးအခြေအနေကို ရင်ဆိုင်ရဖွယ်ရှိပြီး ကမ္ဘာ့အခင်းအကျင်းတွင်  လွှမ်းမိုးချုပ်ကိုင်နိုင်ရေး ကြိုးပမ်းနေသော တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများ၏ အရေးပါသော မဟာဗျူဟာစိန် ခေါ်မှု ၂ ရပ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက အကဲဖြတ်ထားသည်။

"ယင်းမဟာဗျူဟာစိန်ခေါ်မှု ၂ ရပ်က မှန်းဆမရသောနည်းလမ်းများဖြင့် အပြန်အလှန်အားဖြည့်ကာ အမေရိကန်၏ တုံ့ပြန်နိုင်စွမ်းကို စိန်ခေါ်နိုင်သည့် ရလဒ်များဖြစ်ပေါ်လာပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် မဟာမိတ်များ၊ မိတ်ဖက်များ စုပေါင်းလုပ်ဆောင်မည့် အခွင့်အလမ်းသစ်များကို ဖန်တီးပေးလိမ့်မည်" အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် အရှေ့အာရှတွင် ပြိုင်ဘက်ကင်းသော နိုင်ငံနှင့် ကမ္ဘာဇာတ်ခုံတွင် အဓိကအင်အားကြီးနိုင်ငံဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းနေကြောင်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

ဖျက်အားပြင်းလက်နက်များ (WMD) နှင့် အဆင့်မြင့်သမားရိုးကျလက်နက်များအတွက် ပြည်တွင်းကာကွယ်ရေး ထုတ်လုပ်မှုစွမ်းရည်ကို တရုတ်က မြှင့်တင်နေကြောင်း တာဝန်ရှိသူများက သတိပေးခဲ့သည်။

တရုတ်က ရာနှင့်ချီသော တိုက်ချင်းပစ်ဒုံးကျည် သိုလှောင်ရုံသစ်များကိုလည်း တည်ဆောက်နေသည်ဟု ဆိုသည်။ 

ဒေသတွင်းနှင့် ကမ္ဘာကိုသြဇာလွှမ်းမိုးရေးအတွက် တရုတ်က စီးပွားရေးအင်အားကို စစ်ရေးအင်အားနှင့် အပြိုင်အသုံးပြုနေကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ရှုမြင်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly