တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် ပြည်သူများအား ဘာသာရေးအက်ပ်ပလီကေးရှင်းကို သုံးရန် ဖိအားပေးနေ

By ANI 
12 March 2023
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် ပြည်သူများအား ဘာသာရေးအက်ပ်ပလီကေးရှင်းကို သုံးရန် ဖိအားပေးနေ

တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်ရှိ အာဏာပိုင်များသည် ဘာသာရေးကိုးကွယ်ယုံကြည်သူများအား Smart Religion အက်ပလီကေးရှင်းတွင် စာရင်းသွင်းရန် ဖိအားပေးလျက်ရှိကြောင်း Fox News သတင်းတွင် ဖော်ပြထားသည်။

လောကီဝါဒီဆန်သော တရုတ်နိုင်ငံတွင် ဟဲနန်ပြည်နယ်သည် ဘာသာရေးအလိုက်စားဆုံး ပြည်နယ်များတွင် ပါဝင်ပြီး နိုင်ငံအတွင်း ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူ အများဆုံးတည်ရှိရာ နေရာဖြစ်သည်။

ဟဲနန်ပြည်နယ်ရှိ ဘာသာရေးကိုးကွယ်သူများသည် ဘာသာတူသူများနှင့် စုဝေးဝတ်ပြုမှုမပြုလုပ်ခင် အစိုးကသတ်မှတ်ထားသည့်ပုံစံကို ဖြည့်သွင်းရမည်ဖြစ်ပြီး ဘုရားဝတ်ပြုမည့်ရာနေရာကို အတည်ပြုပေးရသည်ဟု  တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ ChinaAid က ပြောသည်။

လျှောက်ထားသူများသည် ကြိုတင်စာရင်းသွင်းခြင်းမပြုမီ အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင် နံပါတ်၊ အမြဲတမ်းနေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် မွေးသက္ကရာဇ်အပါအဝင် ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းရမည်ဖြစ်သည်။

ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိသူများသည် ကိုယ်ပူချိန်တိုင်းရမည်ဖြစ်ပြီး ကြိုတင်စာရင်းသွင်းထားသည့် ကုဒ်နံပါတ်ကို ပြသရပေမည်။

ChinaAid က အဆိုပါ စနစ်သစ်ဆိုင်ရာ အစီရင်ခံစာကို မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မည်သည့်ဘာသာဝင်ဖြစ်ပါစေ ဘုရားဝတ်ပြုလိုသူများသည် အဆိုပါစနစ်ကို အသုံးပြုရမည်ဖြစ်ပြီး  ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဗလီနှင့် အခြား မိမိနှင့်သက်ဆိုင်သည်များကို ရွေးချယ်ဖြည့်နိုင်သည်။

Smart Religion အက်ပ်ကို ဟဲနန်ပြည်နယ် လူမျိုးရေးနှင့်ဘာသာရေးကော်မရှင်က ဖန်တီးထားခြင်းဖြစ်ကြောင်း Fox News သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအား လောကီဝါဒကို ဦးစားပေးသည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) က လွှမ်းမိုးအုပ်ချုပ်လျက်ရှိသည်။

အစိုးရအရာရှိများက မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှုပေါင်းစည်းခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့မနှစ်မြို့သော ဘာသာရေးအသိုင်းအဝိုင်းများကို နှိမ်နင်းနေခြင်းကြောင့် တရုတ်နိုင်ငံတွင် ဘာသာရေးကိုးကွယ်ယုံကြည်မှုသည် လုံးဝ တရားမဝင်ခြင်းမျိုး မဟုတ်သော်လည်း ပို၍အန္တရာယ်များလာသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဝီဂါမွတ်စလင်များအား ထိန်းသိမ်းပြီး ပြန်လည်ပညာပေးသည့် ချွေးတပ်စခန်းများကို ဆက်ဖွင့်ထားဆဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly