ရေနံယိုဖိတ်မှုအတွက် အမေရိကန်နှင့် ဂျပန်အား ဖိလစ်ပိုင် အကူအညီ တောင်း 

ရေနံယိုဖိတ်မှုအတွက် အမေရိကန်နှင့် ဂျပန်အား ဖိလစ်ပိုင် အကူအညီ တောင်း 

ကုန်တင်သင်္ဘော နစ်မြုပ်ပြီးနောက် ဆယ်ရက်အကြာ ရေနံယိုဖိတ်မှုအား ထိန်းချုပ်ရန်နှင့် ရှင်းလင်းရန်အတွက် ဖိလစ်ပိုင်က ရုန်းကန်နေရသဖြင့် ဂျပန်နှင့် အမေရိကန်တို့ထံမှ အကူအညီ ရရှိရန် ကြိုးစားနေကြောင်း အာဏာပိုင်များက ပြောသည်။ 

စက်မှုသုံး လောင်စာဆီ လီတာ ၈၀၀,၀၀၀ (ဂါလံ ၂၁၀,၀၀၀) တင်ဆောင်လာသော Princess Empress သင်္ဘောသည် မနီလာမြို့တော် တောင်ဘက် မန်ဒိုရိုကျွန်း ကမ်းလွန် လှိုင်းလေကြမ်းသည့် ပင်လယ်အတွင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထို ကုန်တင်သင်္ဘောသည် ပင်လယ်လှိုင်းအောက် မီတာ ၄၀၀ ခန့်တွင် ရှိနေမည်ဟု ခန့်မှန်းသော်လည်း နိုင်ငံအနေဖြင့် သင်္ဘောဆီ ရောက်ရှိရန်နှင့် ရေနံများ ဖယ်ရှားရန် စွမ်းဆောင်နိုင်ရည် မရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောသည်။ 

ရေနံယိုဖိတ်မှုအား စုံစမ်းစစ်ဆေးရေးတွင် ကူညီရန်နှင့် ဆောင်ရွက်ဆဲ ရေနံများ ဖယ်ရှားခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် လမ်းညွှန်ရန် ကမ်းခြေစောင့်တပ်ကို ဂျပန်က စေလွှတ်ထားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် ပြောသည်။ 

ဖိလစ်ပိုင်အနေဖြင့် အမေရိကန်ထံမှလည်း အကူအညီကို မေတ္တာရပ်ခံထားကြောင်း ကမ်းခြေစောင့်တပ် ပြောခွင့်ရသူ အာမန်ဒို ဘာလီလိုက အေအက်ဖ်ပီသို့ ပြောသည်။ 

မည်သည့် အကူအညီမျိုး တောင်းခံထားသည်ကို ၎င်းက အသေးစိတ် မပြောသကဲ့သို့ အမေရိကန်သံရုံးကလည်း ချက်ချင်း မှတ်ချက်မပေးပေ။ 

သင်္ဘောမှ ယိုဖိတ်သော ဒီဇယ်နှင့် ရေနံဆီသို့သည် ရေပြင်အား ညစ်ညမ်းစေပြီး ရေနေသယံဇာတ ပေါကြွယ်ဝသည့် မန်ဒိုရိုပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် မြို့နယ် ကိုးမြို့နယ် ကမ်းခြေများအား ညစ်ညမ်းစေသည်။  

ယခု ရေနံယိုဖိတ်မှုကြောင့် သန္တာကျောက်တန်း ဟတ်တာ ၂,၅၀၀ ကျော်၊ လမုတောနှင့် ပင်လယ်ရေညှိများ ထိခိုက်နိုင်ခြေရှိသည်ဟု သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနက ယခင်က ပြောသည်။ 

ရေပြင်ထဲသို့ ဒီဇယ်နှင့် ရေနံများ မည်မျှအထိ ယိုဖိတ်ထားသည်ကို မသိရပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly