ပါကစ္စတန်တွင် ဟိုလီပွဲတော်ကျင်းပနေစဉ် တိုက်ခိုက်ခံရမှုကြောင့် ဟိန္ဒူကျောင်းသား ၁၅ ဦး ဒဏ်ရာရ

By ANI 
11 March 2023
ပါကစ္စတန်တွင် ဟိုလီပွဲတော်ကျင်းပနေစဉ် တိုက်ခိုက်ခံရမှုကြောင့် ဟိန္ဒူကျောင်းသား ၁၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်တက္ကသိုလ်၏ ကျောင်းဝင်းသစ်၌ ဟိုလီပွဲတော်ကျင်းပနေစဉ် မတ်လ ၆ ရက်တွင် အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) တက်ကြွလှုပ်ရှားသူများက တိုက်ခိုက်ခဲ့သည့်အတွက် ဟိန္ဒူကျောင်းသား ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ကျောင်းသားများသည် ဟိုလီပွဲတော်ကျင်းပရန် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရှိထားသော်လည်း ဟိန္ဒူအသိုင်းအဝိုင်းကို အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအစောင့်များက နံပါတ်တုတ်များကိုင်ဆောင်ကာ ကျောင်းသားများကို ရိုက်နှက်သဖြင့် ၎င်းတို့မှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သည်ကို အွန်လိုင်းပေါ်တင်ထားသော ဗီဒီယိုအချို့တွင် တွေ့ရကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်းဒ်ကောင်စီအထွေထွေအတွင်းရေးမှူး ကာရှစ်ဖ်ဘရိုဟီက ဟိန္ဒူအသိုင်းအဝိုင်းမှသူများနှင့် မိမိတို့ ကောင်စီအဖွဲ့ဝင်များသည် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်ရယူပြီး ဟိုလီပွဲတော်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကျောင်းသားများက ဟိုလီပွဲတော်တွင် ပါဝင်ဆင်နွှဲကြရန် Facebook စာမျက်နှာမှတစ်ဆင့် ဖိတ်ခေါ်ပြီးနောက် အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) တက်ကြွလှုပ်ရှားသူများက စတင်ခြိမ်းခြောက်ခဲ့ကြခြင်းဖြစ်ကြောင်း ကာရှစ်ဖ်ဘရိုဟီက ပြောကြားခဲ့သည်။

ဆင်းဒ်ကောင်စီအဖွဲ့ဝင်များနှင့် ဟိန္ဒူအသိုင်းအဝိုင်းတို့သည် မတ်လ ၆ ရက်နေတွင် ဟိုလီပွဲတော်ကျင်းပရန် ပန်ဂျပ်တက္ကသိုလ်ရှိ ဥပဒေကောလိပ် အပြင်ဘက်တွင် စုဝေးနေကြစဉ် သေနတ်များနှင့် နံပါတ်တုတ်များကိုင်ဆောင်ထားသည့် အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) တက်ကြွလှုပ်ရှားသူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်ရှာဟစ်ဒ်က မိမိတို့အနေဖြင့် ဟိန္ဒူဘာသာဝင်များ ဟိုလီပွဲတော် ကျင်းပခြင်းကို ဟန့်တားမှု မပြုခဲ့ကြောင်း Dawn သတင်းသို့ ပြောကြားခဲ့သည်။ 

တိုက်ခိုက်မှု ကျူးလွန်ခဲ့သူများသည် ၎င်းတို့ အဖွဲ့အမည်ကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ပြီး IJT သည် ထိုသို့ ပြုလုပ်လိမ့်မည်မဟုတ်ဟု ဆိုသည်။ 

လုံခြုံရေးအစောင့်များက ကျောင်းသားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ပြီး အစ္စလာမ္မစ်ကျောင်းသားများအသင်း (IJT) နှင့်သက်ဆိုင်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ထိုအချိန်က ကျောင်းဝင်းထဲတွင် ကုရ်အာန်ကျမ်း ရွတ်ဖတ်နေပြီး အခင်းဖြစ်ပွားရာနေရာတွင် ရှိမနေခဲ့ကြောင်း ဆိုသည်။

လူနည်းစုအသိုင်းအဝိုင်းကို တိုက်ခိုက်ရာတွင် ပါဝင်သည့် ကျောင်းသားများကို အရေးယူမည်ဖြစ်ကြောင်း ပန်ဂျပ်တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly