အကျဉ်းချထားသော အာဖဂန်ဒုက္ခသည် ၁၄၇ ဦးကို ပါကစ္စတန်က ပြန်လွှတ်ပေး 

By ANI
11 March 2023
  အကျဉ်းချထားသော အာဖဂန်ဒုက္ခသည် ၁၄၇ ဦးကို ပါကစ္စတန်က ပြန်လွှတ်ပေး 

 

ပါကစ္စတန်တွင် နေထိုင်ခွင့်မရဘဲ အကျဉ်းချခံနေရသော အာဖဂန်ဒုက္ခသည် စုစုပေါင်း ၁၄၇ ဦးကို မတ်လ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး နေရပ်နိုင်ငံသို့ ပြန်ခွင့်ပြုလိုက်ကြောင်း အာဖဂန်အခြေစိုက် Khaama Press က ဖော်ပြထားသည်။

လွတ်မြောက်လာသူများထဲတွင် ကလေးများနှင့် အမျိုးသမီးများ ပါဝင်ပြီး သေဆုံးသွားသော အကျဉ်းသား ၁ ဦး၏ ရုပ်အလောင်းကိုလည်း လွှဲပြောင်းပေးခဲ့ကြောင်း ကန်ဒါဟာမြို့ရှိ ဒုက္ခသည်များဆိုင်ရာ ဒေသတာဝန်ရှိသူများက ပြောသည်။
လွတ်မြောက်လာသူများမှ မကျန်းမာသူအချို့ကို ကန်ဒါဟာမြို့ မာဝါရိစ် ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်လူများကို နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရုံး၏ အကူအညီဖြင့် နေရပ်သို့ ပြန်ခွင့်ပြုလိုက်သည်ဟု ဆိုသည်။

ပါကစ္စတန်တစ်ဝန်းတွင် လွန်ခဲ့သည့်လအနည်းငယ်အတွင်းက အာဖဂန်ဒုက္ခသည် ၂ ၀၀၀ ကျော်သည် နေထိုင်ခွင့် လက်မှတ်မရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

ပါကစ္စတန်အကျဉ်းထောင်များတွင် လွန်ခဲ့သည့် ၃ လအတွင်း အာဖဂန်ဒုက္ခသည် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကြောင်း ကရာချိရှိ အာဖဂန်ကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အာဖဂန်ဒုက္ခသည် ၁ ၀၀၀ ကျော်သည် ပါကစ္စတန်ရှိ အကျဉ်းထောင်များတွင် ရှိနေဆဲဖြစ်သည်ဟု ကောင်စစ်ဝန်ရုံးက ပြောသည်။

အာဖဂန် ဒုက္ခသည် ၁၅၀ ဦး၏ ကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်၍ မကြာမီ ပြန်လွှတ်ပေးမည်ဟု ကရာချိရှိ အာဖဂန်ကောင်စစ်ဝန် အဗ္ဗဒူဂျဘားက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly