ကိုးတောင်ဘို့တိုက်နယ်တွင် စစ်ဘေးရှောင်အမျိုးသမီး(၁)ဦး မြွေကိုက်ခံရ 

By ကိုခင်မောင်  (မဇ္ဈိမ)
11 March 2023
ကိုးတောင်ဘို့တိုက်နယ်တွင် စစ်ဘေးရှောင်အမျိုးသမီး(၁)ဦး မြွေကိုက်ခံရ 

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်‌ဘေးရှောင်အမျိုး သမီးတစ်ဦး မြွေကိုက်ခံရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က မတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အသက် ၂၀အရွယ်ခန့်ရှိ အဆိုပါအမျိုးသမီးသည် မတ်လ ၉ ရက်နေ့ ညနေ ၅နာရီခန့်က လွှတ်ကျောင်းထားသည့် နွားများအား စစ်ရှောင်တဲသို့ ပြန်ဆွဲလာစဉ် တောတွင်းတနေရာ၌ မြွေကိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

"မြွေဆိပ်ဖြေဆေး BPI လေးလုံး ထိုးပေးထားတယ်။  အချိန်မီ ဆေးကုသမှုခံယူရတဲ့အတွက် ကျန်းမာရေးအခြေအနေကောင်းတယ်ဗျ။  အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူး" ဟု မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်  ကျန်းမာရေးဝန်ထမ်းက မဇ္ဈိမကိုပြောသည်။ 

ကန့်ဘလူမြို့နယ်၌ လက်ရှိအချိန်တွင် မြွေဆိပ်ဖြေဆေး BPI  တလုံးလျှင် မြန်မာငွေကျပ်တသိန်းခွဲမှ တသိန်းရှစ်သောင်းကျပ်အထိ  ပေးဝယ်နေရကြောင်း ကျန်းမာရေးဝန်ထမ်းထံမှ သိရသည်။ 

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်တွင် လမ်းပန်းဆက်သွယ် ရေးအရဖြစ်စေ၊ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းကြောင့်ဖြစ်စေ၊ ငွေရေးကြေးရေးကြောင့်ဖြစ်စေ  မြို့ပေါ်တက်ဆေးကုသရန်မလွယ်ကူသောကြောင့်  ဒေသခံများအခက်တွေ့လျက်ရှိနေသည်ဟု သိရသည်။ 

ကန့်ဘလူမြို့နယ်တွင်  ဖေဖော်ဝါရီလအတွင်း ဒေသခံစစ်ဘေးရှောင် သုံးဦး မြွေဆိုးကိုက်ခံရသော်လည်း အချိန်မီဆေးကုသမှုများ ပေးနိုင်၍ ပြန်လည်ကောင်းမွန်လာကြကြောင်း သိရသည်။ 

ကန့်ဘလူခရိုင်အတွင်းမှ ကိုးတောင်ဘို့တိုက်နယ်သည် အမြဲစစ်ရှောင်နေရသည့် တိုက်နယ်ထဲတွင်ပါဝင်ပြီး စစ်ရှောင်ကာလ တနှစ်နီးပါးကြာမြင့်‌နေပြီဖြစ်‌ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။ 

ထို့အပြင် ကိုးတောင်ဘို့တိုက်နယ်ရှိ ကျေးရွာအများစုမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာလျှင် တောထဲသို့ထွက်‌ပြေးတိမ်း‌ရှောင်နေရပြီး မြွေဆိုးအန္တရာယ်ကိုလည်း မကြာခဏ တွေ့ကြုံနေကြရသည်ဟု သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required