ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

မဇ္ဈိမ။   ။စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာကို မတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် အလုံး ၅၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မတ်လ ၉ ရက်နေ့ မနက်အစောပိုင်းတွင် ကျောက်မှော်ရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။  ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာအတွင်းရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ကာ ကျေးရွာဘုန်းကြီးကျောင်းတွင် ပြည်သူများကို ထားရှိခဲ့ကြောင်းသိရသည်။

“ လူကြီးတွေကို ဘုန်းကြီးကျောင်းပို့ပြီးတာနဲ့  ရွာဦး နဲ့ ရွာနောက်ကို ညှပ်ပြီး ရှို့တော့တာပဲ၊ အိမ်ပေါက်စေ့ ရှို့တာ မလောင်တဲ့အိမ်တွေဆိုပြန် ရှို့တာ၊ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတယ်၊ ကျန်မယ်ဆို အိမ်ခြေ ၅၀ လောက်ပဲ ကျန်တော့မယ် “ ဟုပြောသည်။

စစ်ကောင်စီတပ်များသည်နေအိမ်များကို မီးမရှို့ခင် နေအိမ်များအတွင်းသို့ ဝင်ရောက်ပြီးနောက် ရွှေ ၊ ငွေ နှင့် အခြား တန်ဖိုးရှိသည့် ပစ္စည်းများကိုလည်းယူဆောင် သွားကြကြောင်း ကျောက်မှော် ရွာသား တစ်ဦးက ပြောသည်။

၎င်းက “ အိမ်ထဲက ဗီရိုတွေ ဘာတွေ အကုန်ဖွင့် ဖြန့်ကြဲပြီးတော့မှ ရွှေတွေဘာတွေဆိုယူသွားတယ်၊ ကျတော့်အမ တစ်ဝမ်းကွဲဆို ရွှေတွေကော ငွေတွေကော အကုန်ပါသွားတယ်၊ ပဲအရောင်းအဝယ်လုပ်တဲ့သူတစ်ဦးဆို ငွေ နဲ့ ပဲတွေ သိန်း ၅၀ ဖိုးလောက်ပါသွားတယ်” ဟုပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်စဉ်က ဖမ်းဆီးထားသည့် ပြည်သူအချို့ ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား သုံးဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ နီးပါးလောက်ရှိပြီး မတ်လ  ၁၀ ရက်နေ့ တွင် ကျောက်မှော်ရွာမှ ဇီးကုန်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required