ဒိုင်ကိစ္စမှာ အကျင့်ပျက်ခြစားမှုဖြင့် ဘာစီလိုနာ စွဲချက်တင်ခံရ

ဒိုင်ကိစ္စမှာ အကျင့်ပျက်ခြစားမှုဖြင့် ဘာစီလိုနာ စွဲချက်တင်ခံရ
Photo: AFP

ဘာစီလိုနာဟာ စပိန် ဒိုင်လူကြီးများ ကော်မီတီရဲ့ ဒုဥက္ကဋ္ဌဟောင်း တစ်ဦးကို သူပိုင်ဆိုင်တဲ့ ကုမ္ပဏီကနေတစ်ဆင့် ပေးချေမှုတွေနဲ့ ပတ်သက်လို့ အကျင့်ပျက်ခြစားမှုဖြင့် ကလပ်အသင်းကို စပိန်အစိုးရရှေ့နေတွေက သောကြာနေ့မှာ စွဲချက်တင်လိုက်ပါတယ်။

တရားစွဲဆိုမှုအရ ကတ်တလန်ကလပ်ဟာ ၁၉၉၄ ကနေ ၂၀၁၈ အတွင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီးများ ကော်မီတီရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ ဒိုင်လူကြီးဟောင်းတစ်ဦးလည်းဖြစ်သူ Jose Maria Enriquez Negreira ကို စုစုပေါင်း ယူရို ၇.၃ သန်းကျော် ပေးချေခဲ့တယ်လို့ သိရပါတယ်။

ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်တဲ့ Josep Maria Bartomeu နဲ့ Sandro Rosell တို့အပြင် Enriquez Negreira တို့ဟာ ဘာစီလိုနာအစိုးရရှေ့နေရုံးကနေ စတင်ကာ အလားတူစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။

Enriquez Negreira ဟာ ဒိုင်လူကြီးတွေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများဆိုင်ရာ အကြံဉာဏ်တွေ ကလပ်အသင်းကို စီမံပေးမှုအတွက် ပေးချေခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

"ဘာစီလိုနာဟာ Jose Maria Enriquez Negreira နဲ့ တင်းကြပ်စွာ လျှို့ဝှက်နှုတ်အားဖြင့် သဘောတူညီချက်ကို ရယူထိန်းသိမ်းထားခဲ့ပါတယ်။ ဒါ့ကြောင့် Technical Arbitral Committee (CTA)ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ပိုင်စွမ်းနဲ့ ငွေကြေးဖြင့် လဲလှယ်ပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ ဘာစီလိုနာကို အကျိုးရှိစေမယ့် လုပ်ဆောင်ချက်တွေကို နောက်ပိုင်းမှာ လုပ်ဆောင်ပါတယ်။” လို့ ဘာစီလိုနာ အစိုးရရှေ့နေရုံးက ရှင်းပြခဲ့ပါတယ်။

Enriquez Negreira ပိုင်ဆိုင်တဲ့ Dasnil 95 ကုမ္ပဏီမှ ၂၀၁၆ နဲ့ ၂၀၁၈ အကြား အခွန်ပေးဆောင်မှုတွေမှာ မမှန်မကန်မှုတွေကို စပိန်အခွန်အာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာဖြစ်ပါတယ်။

Dasnil 95 ဟာ အဲဒီနှစ်တွေအတွင်း ဘာစီလိုနာထံကနေ ငွေပေးချေမှုတွေ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Cadena Ser ရေဒီယိုအရ နောက်ဆုံးပြေစာကို ၂၀၁၈ ဇွန်လမှာ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် CTA ကို ပြန်လည်ဖွဲ့စည်းပြီး Enriquez Negreira ဟာ အဖွဲ့အစည်းကနေ ထွက်သွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ လက်ရှိ ဘာကာ ဥက္ကဋ္ဌ Joan Laporta က သူ့ရဲ့ကလပ်ဟာ "ဒိုင်လူကြီးတွေကို ဘယ်တုန်းကမှ" မဝယ်ခဲ့ဘူးလို့ အခိုင်အမာပြောခဲ့ပါတယ်။

ကာတာလန်အသင်းဟာ ၂၀၀၁ ကနေ ၂၀၁၈ အတွင်း Enriquez Negreira ရဲ့ ကုမ္ပဏီသို့ ယူရို ၆.၅ သန်း (ဒေါ်လာ ၆.၉ သန်း) ပေးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

"ဘာကာက ဒိုင်လူကြီးတွေကို တစ်ခါမှ မဝယ်ဖူးဘူးဆိုတာ ရှင်းပါရစေ၊ ဘာကာက ဒိုင်လူကြီးတွေကို လုံးဝဝယ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ဘူး"လို့ Laporta က အင်္ဂါနေ့က ပြောပါတယ်။

Dasnil 95 ဟာ ဒိုင်ကိစ္စရပ်များနဲ့ပတ်သတ်လို့ ကလပ်အသင်းကို အကြံပေးဖို့အတွက် အခကြေးငွေပေးဆောင်ရတာဖြစ်ကြောင်း ဘာစီလိုနာက ပြောပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေတွေက ဒီငွေတွေကို ပွဲတာဝန်ရှိတွေကို အကျင့်ပျက်ခြစားမှုတွေအတွက် အသုံးပြုနိုင်တယ်လို့ သံသယရှိနေကြပါတယ်။

စပိန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေမှာ ငါးနှစ်ကန့်သတ်ချက် အခြေအနေတွေရှိတာကြောင့် ဘာစီလိုနာဟာ အားကစားဆိုင်ရာ အဆင့်မှာ ချက်ခြင်းအန္တရာယ်နဲ့မကြုံရကြောင်း လီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောပါတယ်။

တရားခံဟာ ပြစ်မှုဆိုင်ရာအဆင့်မှာ ထောင်ဒဏ် လေးနှစ်အထိ ကျခံရနိုင်ပါတယ်။

ကလပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ကုမ္ပဏီတစ်ခုအဖြစ် 'လှုပ်ရှားမှုရပ်ဆိုင်တာ ... အပြီးအပြတ်ဖျက်သိမ်းတာ' အထိ ဖြစ်နိုင်တယ်"လို့ Carlos III University of Madrid မှ ဥပဒေပါမောက္ခ Alberto Palomar က AFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆိုခဲ့တဲ့ အမှုဟာ စပိန်ရဲ့ ဒိုင်လူကြီးအဖွဲ့အပေါ် အရိပ်တစ်ခု သက်ရောက်စေပါတယ်။ လူတစ်ဦးတည်းရဲ့ ဒီတရားမဝင်လုပ်ရပ်ဟာ ဒိုင်လူကြီးအားလုံးရဲ့ "ပုံရိပ်" နဲ့ "ဂုဏ်သိက္ခာ" ကိုတော့ "ညှိုးနွမ်း"စေမှာ မဟုတ်ပါဘူး။

"ဒီပြဿနာက စပိန်ဘောလုံးနဲ့ အားကစားကို ထိခိုက်တဲ့အတွက် ကျနော်တို့အတွက် စိုးရိမ်ပါတယ်"လို့ စပိန်ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Miquel Iceta က အင်္ဂါနေ့က ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly