ပြည်ပအားကစားပွဲတွင် တရုတ်နိုင်ငံတော်သီချင်းအစား ဟောင်ကောင်ဆန္ဒပြသီချင်းကို အစားထိုးဖွင့်

By ANI 
10 March 2023
ပြည်ပအားကစားပွဲတွင် တရုတ်နိုင်ငံတော်သီချင်းအစား ဟောင်ကောင်ဆန္ဒပြသီချင်းကို အစားထိုးဖွင့်

ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားတွင် ကျင်းပသည့် အားကစားပွဲတစ်ခုတွင် ‘စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ’ အမည်ရသည့် တရုတ်နိုင်ငံတော်သီချင်းအစား ‘ဟောင်ကောင့်ကျက်သရေ’ ဟူသော ဒီမိုကရေစီကို အားပေးထောက်ခံသည့် ဆန္ဒပြသီချင်းကို ဖေဖော်ဝါရီလ ၂၈ ရက်ညက ဖွင့်ခဲ့ကြောင်း Hong Kong Free Press က ဖော်ပြလိုက်သည်။

ဆာရာယေဗိုမြို့ရှိ ရေခဲပြင်ဟော်ကီကစားပွဲတစ်ခုတွင် သီချင်းမှားယွင်းဖွင့်ပြမှုဖြစ်ပွားခဲ့ပြီး တစ်နှစ်အတွင်း ၆ ကြိမ်မြောက်မှားယွင်းမှု ဖြစ်သည်။ 

ဟောင်ကောင်၏ ၂၀၁၉ ခုနှစ် ဆန္ဒပြမှုများ၊ မငြိမ်မသက်မှုများနှင့် ဆက်စပ်နေသည့် သီချင်းကို  စက္ကန့် ၉၀ ကြာဖွင့်ခဲ့ပြီးနောက် မူလသီချင်းကို ပြန်ဖွင့်ခဲ့သည်။

ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲ အသင်း ၃၊ အုပ်စု ဘီ ပွဲစဉ်တွင် အီရန်ကို အနိုင်ရပြီးနောက် သီချင်းကို စတင်ဖွင့်လိုက်ချိန်တွင် ဟောင်ကောင် ဟော်ကီကစားသမား အများအပြားက သီချင်းကိုရပ်ရန် အမူအရာပြခဲ့ကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

နိုင်ငံတော်သီချင်းအမှန်ကို မဖွင့်မီတွင် အစီအစဉ်ကြေညာသူက  သီချင်းအမှန်ကို ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း တောင်းပန်ခဲ့သည်။ 
ထိုသို့လွဲချော်မှုအတွက် ဟောင်ကောင်အစိုးရက အလွန်စိတ်ပျက်မိကြောင်း မတ်လ ၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

တရုတ်၊ ဟောင်ကောင်အားကစားအဖွဲ့ချုပ်နှင့် အိုလံပစ်ကော်မတီ (SF&OC) ၏ ညွှန်ကြားချက်အရ အားကစား သမားများက ချက်ချင်းကန့်ကွက်ခဲ့ကြသည်။ ။
ယင်းသို့ ဖြစ်ပျက်ရသည့် အကြောင်းရင်းကို သေချာစွာ လေ့လာပြီး အစီရင်ခံစာထုတ်ပြန်ရန် ဟောင်ကောင် ရေခဲပြင်ဟော်ကီအဖွဲ့ချုပ် (HKIHA ) အား ဟောင်ကောင်အိုလံပစ်ကော်မတီက ညွှန်ကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Hong Kong Free Press က ဆက်သွယ်မေးမြန်းရာတွင် အဖြစ်အပျက်အားလုံးကို ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း လုံခြုံရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly