အသုံးစရိတ် မြင့်မားမှု ရှောင်ရှားနိုင်ရန် ဌာနဆိုင်ရာ ဇိမ်ခံပစ္စည်းဝယ်ယူမှုကို စစ်ကောင်စီ တားမြစ်မည်

By 001 (မဇ္စျိမ)
10 March 2023
အသုံးစရိတ် မြင့်မားမှု ရှောင်ရှားနိုင်ရန် ဌာနဆိုင်ရာ ဇိမ်ခံပစ္စည်းဝယ်ယူမှုကို စစ်ကောင်စီ တားမြစ်မည်

အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားနိုင်ရန်အတွက် လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာနဆိုင်ရာများ၌ ဇိမ်ခံပစ္စည်းများ ဝယ်ယူမှုကို ခွင့်ပြုမည်မဟုတ်ကြောင်း စစ်ကောင်စီဒုတိယဉက္ကဌ စိုးဝင်းက မတ်လ ၉ ရက်နေ့က ​နေပြည်​တော်တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင်ပြောသည်။

ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးစက်ပစ္စည်း၊ ပရိဘောဂများဝယ်ယူခြင်းနှင့် ပတ်သက်၍ Luxury(ဇိမ်ခံ) ပစ္စည်းများဝယ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ဌာနအတွက် လိုအပ်သည့်အခြေအနေနှင့် ယခင်ဝယ်ယူထားသည့် အခြေအနေတို့ကို စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာနများတွင် ရုံးသုံးပစ္စည်းများဝယ်ယူမှုကိုပင် လိုအပ်သလောက် ခွင့်ပြုမှုမရှိတော့ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူထံမှ သိရသည်။

“လက်ထောက်အတွင်းဝန်တယောက်ကပြောတာ သူတို့ရုံးပစ္စည်းတွေ သုံးတဲ့အခါ ဘတ်ဂျက်ချွေတာရတဲ့အတွက် အရင်လို တောင်းသလောက်မရဘူးလို့ပြောတယ်။ ကွန်ပျူတာလိုအပ်လို့ ငါးလုံးတောင်းရင် သုံးလုံးလောက်ပဲရတယ်တဲ့”ဟု ၎င်းကဆိုသည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ်နှင့် ပတ်သက်ပြီး စိစစ်ဆောင်ရွက်မည်ဖြစ်ကာ စက်သုံးဆီများ ပြည်ပမှ တင်သွင်းနေရခြင်းမှာလည်း ဈေးနှုန်းကြီးမြင့်သည့်အတွက် တတ်နိုင်သမျှ လျှော့ချသုံးစွဲရန် စစ်ကောင်စီဒုဉက္ကဌက ညွှန်ကြားသည်။

စက်သုံးဆီကို အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ စိစိစစ်စစ်သာ ခွင့်ပြုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။ ထို့ပြင် ဝန်ထမ်းအိမ်ရာ အသစ်များ ဆောက်လုပ်မှုကိုလည်း သာမန်အားဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနအသုံးစရိတ်များကို လျော့ချပြီး ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကို ပိုမိုတိုးမြှင့်သုံးစွဲလျက်ရှိသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၇၀၀ ကျော် သုံးစွဲခဲ့ပြီး နောက်ထပ် ကျပ်ဘီလီယံ ၄၄၀ ကျော်ကိုလည်း ထပ်တိုးဘတ်ဂျတ်အဖြစ် အများဆုံး ရရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly