မတ္တရာတွင် ရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မတ္တရာတွင် ရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျွဲကျကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးကပြောသည်။

“သူတို့ မီးရှို့နေတဲ့အချိန်မှာ ရွာသူရွာသားတွေက မရှိသလောက်ဖြစ်နေပြီ။ အရင်ဆုံး ဒရုန်းနဲ့ကင်း ထောက်ပြီး သူတို့ရှိတဲ့နေရာတွေကို လက်နက်ငယ်သမားတွေက အရင်ကပ်တယ်။ သူတို့ရှိတဲ့နေရာကို လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ လက်နက်ငယ်သမားတွေကို ဝင်ပစ်ကြတာ။ ပထမ လက်နက် ကြီးနဲ့ပစ်ချိန်မှာ သူတို့ဘက်ကနှစ်ဦး ပုံကျသွားတယ်” ဟု ၎င်းကပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခိုင်အမာဆောက်ထားသည့် အဆောက်အဦးတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်၍ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဆက်လက် တိုက်ခိုက်ရန် ခဲယဉ်းသွားသည့်အတွက် ပြန်လည်ဆုတ်ခွာလာရကြောင်း ဗိုလ်နတ်ဆိုးက ပြောသည်။

“ တိုက်ပွဲကမိနစ် ၂၀ လောက်ကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများ၏နေအိမ်များကို မီးမရှို့မီ ရွှေ၊ ငွေနှင့် အခြားတန်းဖိုးရှိ ပစ္စည်းများကို လုယူပြီးမှ မီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျွဲကျကျေးရွာမှ နေအိမ်ခုနစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဗိုလ်နတ်ဆိုးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် ကျွဲကျကျေးရွာမှထွက်ခွာသွားပြီး ရုန်းပင်ကျေးရွာအနီး သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ ကောင်းကင် တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ MRF (မဟာတော်လှန် ရေး) တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required