ကြေးနီသယ်လာသောကားနှင့် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
09 March 2023
ကြေးနီသယ်လာသောကားနှင့် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်မှထွက်ရှိသော ကြေးနီများသယ် ဆောင်လာသောယာဉ်တန်းနှင့် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့များကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီး တပ်ခွဲမှူး ဗိုလ်မိုးကြိုးထံမှ သိရသည်။

မတ်လ ၉ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်အချိန်တွင် မုံရွာမှမန္တလေးသို့ ဦးတည်ထွက်ခွာလာသော ကြေးနီကားများနှင့် စစ်ကောင်စီတပ်များကို ချောင်းဦးနှင့်မြင်းမူအကြား လမ်းတနေရာတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့လာမယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် ပဒေသာမိုင်းခြောက်လုံးတွဲ သုံးနေရာမှာ အသင့်ထောင်ပြီး ဆွဲခဲ့တာပါ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

စစ်ကောင်စီတပ်လုံခြုံရေးကားများအပါအဝင် ကြေးနီတင်ဆောင်လာသော ကား အစီး ၂၀ ကျော်ကိုတိုက် ခိုက်ခဲ့ရာ အဆိုပါကားများရပ်တန့်သွားပြီး ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဆို သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယာဉ်တန်းတွင်ပါလာသော စစ်ကောင်စီတပ်များမှ ငါးမိနစ်ခန့်ဆက်တိုက် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲနှင့်အတူ Seven People Defence Force (7PDF)၊ ရန်းရှင်း ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့တပ်ခွဲတွင် ရန်ပုံငွေစီးဆင်မှုနှင့် မိုင်းအပါအဝင် လက်နက်ထုတ်လုပ်မှု ကုန်ကျစရိတ်မမျှဖြစ်နေပြီး အခက်အခဲများဖြင့်တွေ့ကြုံနေရသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူများအနေဖြင့် သွေးမအေးကြဘဲ ဆက်လက်ပါဝင်ကူညီ ထောက်ပံ့ပေးကြပါရန် ဗိုလ်မိုးကြိုးမှ မေတ္တာရပ်ခံပြောကြားခဲ့သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly