အားကစားကွင်း ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်လို့ ဘောလုံးပွဲ တာဝန်ရှိသူ နှစ်ဦးကို အင်ဒိုနီးရှား ထောင်ဒဏ်ချမှတ်

အားကစားကွင်း ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်လို့ ဘောလုံးပွဲ တာဝန်ရှိသူ နှစ်ဦးကို အင်ဒိုနီးရှား ထောင်ဒဏ်ချမှတ်

အားကစားသမိုင်းမှာ အဆိုးရွားဆုံး ကစားကွင်း ဘေးအန္တရာယ်တစ်ခုနဲ့ ပတ်သက်လို့ ပေါ့ဆမှုဖြင့် ဘောလုံးပွဲ တာဝန်ရှိသူနှစ်ဦးကို အင်ဒိုနီးရှားတရားရုံးတစ်ရုံးက ကြာသပတေးနေ့မှာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အရှေ့ဂျာဗားမြို့ မာလန်းရှိ ပရိသတ်တွေဟာ ကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာချိန်မှာ ရဲတပ်ဖွဲ့က ပွဲကြည့်စင်တွေဆီ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့တာပါ။

လူရာပေါင်းများစွာဟာ ကျဉ်းမြောင်းတဲ့ ထွက်ပေါက်တွေဆီကို ထွက်ပြေးခဲ့ကြရာ လူအုပ်ကြီးပြိုကျခဲ့ပြီး လူအများအပြား နင်းမိရာ ဒါမှမဟုတ် အသက်ရှုကြပ်ကာ သေဆုံးခဲ့ရပါတယ်။

ပွဲစီစဉ်သူ အဘာဒူ ဟားရစ်ဟာ ပေါ့ဆမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရပါတယ်။ အစိုးရရှေ့နေတွေက ထောင်ဒဏ် ခြောက်နှစ်နဲ့ ရှစ်လ စွဲချက်တင်လိုက်တာပါ။

“ကျနော် တရားခံကို ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်နေပါတယ်”လို့ တရားသူကြီး Abu Achmad Sidqi Amsya က ဆရာဘာရာမြို့က တရားရုံးကို ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားရဲ့ ပထမဆုံး စီရင်ချက်လည်း ဖြစ်ပါတယ်။

လုံခြုံရေးအရာရှိ ဆူကို ဆူထရစ်နိုကိုလည်း ပေါ့ဆမှုဖြင့် အပြစ်ရှိကြောင်း တရားသူကြီးတွေက တွေ့ရှိခဲ့ပြီး သူ့ကို ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပါတယ်။

"တရားခံက ရုန်းရင်းဆန်ခတ်ဖြစ်မယ်ဆိုတာ တင်ကူး သိမြင်မထားခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဒီမတိုင်ခင် အရေးပေါ်အခြေအနေတစ်ခု ရှိမနေတာကြောင့်ပါ။ တရားခံက လုံခြုံရေးအရာရှိတစ်ယောက်အနေနဲ့လည်း သူ့အလုပ်ကို ကောင်းကောင်း နားမလည်ခဲ့ဘူး"လို့ တရားသူကြီးက ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဒီစီရင်ချက်ကို အယူခံဝင်ဖို့ ခုနစ်ရက် အချိန်ရှိပါတယ်။

ဒီဖြစ်စဉ်နှင့် ပတ်သက်လို့ နယ်မြေခံရဲတပ်ဖွဲ့ဝင် သုံးဦးကိုလည်း တရားစွဲဆိုထားပြီး စီရင်ချက်ချခံဖို့ စောင့်ဆိုင်းလျက်ရှိပါတယ်။

အင်ဒိုနီးရှား ပရီးမီးယားလိဂ်ကို လည်ပတ်တဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာဟောင်းကို သံသယရှိသူအဖြစ် သတ်မှတ်ထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်က ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုကို အဓိကရုဏ်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး အရာရှိနှစ်ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အသက်ရှင်ကျန်ရစ်သူတွေက ရဲတပ်ဖွဲ့ကို အင်အားအလွန်အကျွံသုံးတယ်လို့ စွပ်စွဲခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required