နဘူးတောကျေးရွာတွင် ထန်းသမားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်

By လွှမ်းမိုး (မဇ္ဈိမ)
09 March 2023
နဘူးတောကျေးရွာတွင် ထန်းသမားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၂၀ ခန့်ဖြင့် နဘူးတောကျေးရွာအား စစ်ကြောင်းထိုးကာ ထန်းသမားနှစ်ဦးကို သေနတ်ဖြင့်ပစ် သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်(၃၅)နှစ်အရွယ် ကိုဇော်မင်းနှင့် အသက်(၅၀)အရွယ် ကိုမြအေးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်သားတွေလာတော့ ကိုဇော်မင်းက ထန်းတတ်နေတာ။ ထန်းပင်ပေါ်ကဆင်းပြီး ထွက်ပြေးဖို့ ဆိုင်ကယ် နှိုးနေတဲ့အချိန် စစ်သားတွေက နောက်ကနေသေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ကိုဇော်မင်းရဲ့ဖုန်းနဲ့ဆိုင်ကယ် ကိုယူသွားကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ကိုမြအေးမှာ ကိုဇော်မင်းအား စစ်ကောင်စီတပ်သားများက ပစ်သတ်ပုံအစအဆုံးကို ထန်းပင်ပေါ်မှမြင် လိုက်ရပြီး ၎င်းဘက်သို့သေနတ်များဖြင့်ပစ်ခတ်သည့်အချိန်တွင် ထန်းပင်ပေါ်မှပြုတ်ကြသေဆုံးခဲ့ကြောင်း ၎င်းဒေသခံက ရှင်းပြသည်။

ကိုဇော်မင်းနှင့်ကိုမြအေးတို့မှာ ထန်းတက်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူများဖြစ်ကြသည်။ သေဆုံး သွားသည့် ကိုဇော်မင်းတွင် လသားအရွယ်ကလေးတစ်ဦး၊ နှစ်တန်းနှင့် လေးတန်းအရွယ်ကလေးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် ကျေးစာကျကျေးရွာအနီးတွင် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း အရပ်သား တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သေးကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly