စစ်သွေးကြွအဖွဲ့က ပါကစ္စတန်အစိုးရကို ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ ရှင်းထုတ်ရန် ရည်ရွယ်နေဟု အမေရိကန် သတိပေး

By ANI
08 March 2023
စစ်သွေးကြွအဖွဲ့က ပါကစ္စတန်အစိုးရကို ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ ရှင်းထုတ်ရန် ရည်ရွယ်နေဟု အမေရိကန် သတိပေး

တီရစ်-အီ-ပါကစ္စတန်တာလီဘန် (TTP) စစ်သွေးကြွအဖွဲ့သည် ပါကစ္စတန်အစိုးရအား ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ ရှင်းထုတ်ပြီး အစိုးရနှင့်စစ်တပ်အား အကြမ်းဖက်လှုပ်ရှားမှုဆင်နွှဲခြင်းဖြင့်  ရှာရီယာဥပဒေကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတွင် သတိပေးထားည်။ 

ပါကစ္စတန်တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်နှင့်ပါကစ္စတန် နယ်စပ်တစ်လျှောက်ရှိ လူမျိုးစုများကို အသုံးချ၍ လေ့ကျင့်တပ်ဖြန့်ထားသည်ဟု ၂၀၂၁ ခုနှစ် အကြမ်းဖက်မှုလုပ်ရပ်များဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပါကစ္စတန်တာလီဘန်အဖွဲ့ (TTP) သည် အယ်လ်ကိုင်ဒါအဖွဲ့၏ အယူဝါဒဆိုင်ရာလမ်းညွှန်မှုအတိုင်း လုပ်ဆောင်နေသလို  အယ်လ်ကိုင်ဒါအဖွဲ့ဝင်များကလည်း အာဖဂန်-ပါကစ္စတန်နယ်စပ်ရှိ ပါရှ်တွန်ဒေသများတွင် ခိုအောင်းရန် TTP အပေါ် တစ်စိတ်တစ်ပိုင်း မှီခိုနေရသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ဒီလိုစီစဉ်နေထိုင်မှုတွေကြောင့် TTP ဟာ အယ်လ်ကိုင်ဒါရဲ့  တစ်ကမ္ဘာလုံးက အကြမ်းဖက်ကွန်ရက်နဲ့ရော အဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးကျွမ်းကျင်မှုတွေကိုပါ ထိတွေ့ခွင့်ရသွားပါတယ်" ဟု အစီရင်ခံစာက ဆိုသည်။
ပါကစ္စတန်သည် ၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုအများအပြား တွေ့ကြုံခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။ 

အကြမ်းဖက်ဝါဒနှင့် စီးပွားရေးလုပ်ငန်းများအကြား ဆက်စပ်မှုကို အလေးထားပြောဆိုလျက် အမေရိကန်က ပါကစ္စတန်တွင် ကုန်သွယ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် ကူညီပံ့ပိုးပေးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  

အမေရိကန်က ပါကစ္စတန်ကို အကူအညီပေးရာတွင် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အာဖဂန်နစ္စတန်နယ်စပ်ရှိ ဒေသများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

“ဒီအကူအညီတွေဟာ ပါကစ္စတန်ပြည်သူတွေရဲ့ ဘဝတွေကို မြှင့်တင်ဖို့နဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို ပြီးမြောက်စေဖို့ ရည်ရွယ်ပါတယ်” ဟု ဖော်ပြထားသည်။

"အမေရိကန်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် နားလည်မှုလွဲမှားခြင်းနှင့် ရှုပ်ထွေးမှုများကို လျော့ပါးစေရန် အပြန်အလှန် ထိတွေ့ဆက်ဆံမှုများအတွက် ဆက်လက်ပံ့ပိုးကူညီလျက်ရှိသည်" ဟု အစီရင်ခံစာကို ကိုးကား၍ Dawn သတင်းက ဖော်ပြထားသည်။

အမေရိကန်သည် ယမန်နှစ်တွင် နိုင်ငံခြားအကူအညီအတွက် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ အသုံးပြုခဲ့ပြီး ထိုပမာဏသည် အခြားနိုင်ငံများထက် ပိုများသည်ဟု အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း နစ်ကီဟာလေက ကပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly