မြန်မာအရေးအား ပိုမိုထိရောက်သည့် နည်းလမ်းများ ရှာရန် မလေးရှားဝန်ကြီးချုပ် ခိုင်ခိုင်မာမာ အကြံပြု 

By The Sun Daily 
08 March 2023
မြန်မာအရေးအား ပိုမိုထိရောက်သည့် နည်းလမ်းများ ရှာရန် မလေးရှားဝန်ကြီးချုပ် ခိုင်ခိုင်မာမာ အကြံပြု 

မလေးရှားအပါအဝင် ဒေသတွင်းက အခြားသောနိုင်ငံများကိုပါ သက်ရောက်မှု ရှိနေသော မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းနိုင်ရေးအတွက် ပိုမို ထိရောက်သော နည်းလမ်းများ ရှာရန် အာဆီယံကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ခိုင်ခိုင်မာမာ အကြံပြုသည်။ 

ထို ကိစ္စရပ်နှင့် စပ်လျဉ်း၍ အာဆီယံ ခေါင်းဆောင်များနှင့် ပြောဆိုထားကြောင်း ပြည်ပတွင် သံတမန်လုပ်ငန်းများ ဆောင်ရွက်နေသည့် မလေးရှားအကြီးအကဲ ၁၀၆ ဦးနှင့် တွေ့ဆုံမှု၌ အန်ဝါက ပြောသည်။ 

မြန်မာ့ပဋိပက္ခသည် နိုင်ငံထဲမှ ဒုက္ခသည်များ စီးထွက်ခြင်းကို ဖြစ်ပေါ်စေပြီး လက်ရှိ၌ မလေးရှားတွင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ ခန့်ကို လက်ခံထားရကြောင်း ၎င်းက ပြောသည်။ 

“ထိုင်း၊ စင်ကာပူ ဝန်ကြီးချုပ်တွေ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားသမ္မတတွေနဲ့ တွေ့ဆုံတိုင်းမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဆက်လက်ပါဝင်သွားဖို့ ကျွန်တော် ခိုင်ခိုင်မာမာ အကြံပြုတယ်၊ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီအရေးကို ဖြေရှင်းဖို့ အခြား ထိရောက်တဲ့ နည်းလမ်းတွေရှာဖို့ကို အကြံပြုခဲ့တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒီ ရက်စက်ကြမ်းကြုတ်မှုတွေက မြန်မာတင်မကဘူး ကျွန်တော်တို့နဲ့ပါ သက်ဆိုင်နေတာ ဖြစ်လို့ပါ”ဟု ၎င်းက ပြောသည်။ 

မြန်မာအာဏာသိမ်းစစ်ကောင်စီက စေ့စပ်ညှိနှိုင်းမှုနှင့် အာဆီယံအိမ်နီးချင်းများကို လေးစားရန် ငြင်းဆန်၍ ဒုက္ခသည်ပြဿနာသည် ပိုမိုဆိုးဝါးရသည်ဟု အန်ဝါက ပြောသည်။ 

အပြုသဘောဆောင် စေ့စပ်မှုများအတွက် ပြောနေဆိုနေမှုများက အတော်လေး မဆီလျော်တော့ကြောင်း၊ ဘာကြောင့်ဆိုသော် အာဆီယံသည် ယင်းသို့ပဲ ရပ်တည်နေသည်မှာ ဆယ်စုနှစ် လေးစုရှိပြီဖြစ်ပြီး ပြည်တွင်းရေးကို မစွက်ဖက်ရ မူဝါဒကြောင့် ဆယ်နိုင်ငံပါ အဖွဲ့ကြီးအနေဖြင့် ယင်းအရေးကို လျစ်လျူရှု၍လည်း မဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

“ဟုတ်ပါတယ်၊ ပြည်တွင်းရေးကို မစွက်ဖက်ရ မူဝါဒ ရှိတယ်၊ ကျွန်တော်လည်း စွက်ဖက်သင့်တယ်၊ တိုက်ခိုက်သင့်တယ်လို့ အကြံပေးနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေက ကျွန်တော်တို့ကို စီးပွားရေးအခက်အခဲနဲ့ နိုင်ငံရေးဂယက်ရိုက်မှုတွေ ဖြစ်စေတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လျစ်လျူရှုလို့ မဖြစ်ဘူး”ဟု ၎င်းက ပြောသည်။ 

မလေးရှား၏ အကျိုးစီးပွားကို ကာကွယ်ရင်း မလေးရှားသည် မြန်မာအရေး၌ အခြေအနေတစ်ရပ်တွင် ရပ်တည်ပြီး နိုင်ငံ၏ စံတန်ဖိုးများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း အန်ဝါက အလေးအနက်ထား ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly