ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှု လိုအပ်နေ (ရုပ်/သံ)

ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှု လိုအပ်နေ (ရုပ်/သံ)

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက် အကြမ်းဖက်မီးရှို့နေမှု ကြောင့် ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရပြီး အဲ့ဒီအထဲက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစကလေးငယ်နဲ့ သက်ကြီးရွယ်အို ၁၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်ရင်းမွေးဖွားခဲ့တဲ့ အမြွှာနှစ်ဦးအတွက်လည်း အကူအညီလိုနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

ခင်ဦးမြို့နယ်၊ ကလုံကျေးရွာကို မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး ခဲ့ပြီး အသက် ၉၀ ကျော်အဖွားအိုတစ်ဦး စစ်ရှောင်ရင်းသေဆုံးခဲ့သလို မုံလှကျေးရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်နေတာကြောင့် စစ်ရှောင်တွေ သုံးရက်ဆက်တိုက် သေဆုံးခဲ့တယ်လို့ ခင်ဦးဒေသခံက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၆၈ ရွာ မီးလောင်ခံခဲ့ရပြီး အိမ်ထောင်စုပေါင်း ၄,၀၀၀ ကျော်ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေတာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ခင်ဦး သတင်း မှန်ပြန်ကြားရေးကလည်း ထုတ်ပြန်ထားပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly