ဧရာ၀တီမြစ်ထဲခုန်ချသည့် သံဃာတော်၏ အလောင်း ရှာဖွေတွေ့ရှိ

ဧရာ၀တီမြစ်ထဲခုန်ချသည့် သံဃာတော်၏ အလောင်း ရှာဖွေတွေ့ရှိ

မဇ္စျိမ။ ။စစ်ကိုင်းတံတားပေါ်မှ ဧရာ၀တီမြစ်ထဲခုန်ချခဲ့သည့် သံဃာတော်တစ်ပါး၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ပရ ဟိတအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မနက် ၈ နာရီခွဲလောက်ကရှာတွေ့ခဲ့တာပါ။ အလောင်းက မြစ်ထဲမှာ ရေစီးနဲ့လျှောက်မျောနေတယ်ထင် တာပဲ။ ရှာဖွေရေးသမားတွေကနေ့တိုင်းရှာခဲ့တာ ဒီမနက်မှရှာတွေ့ခဲ့တာ”ဟု စစ်ကိုင်းမြို့ခံ ပရဟိတ သမားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဧရာ၀တီမြစ်ကူးတံတား(ရတနာပုံ) စစ်ကိုင်းဘက် ခြမ်းတွင် သံဃာတော်တစ်ပါး မြစ်ထဲခုန်ချခဲ့ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းများထွက် ပေါ်ခဲ့သည်။

မြစ်ထဲခုန်ချကြောင်း သတင်းရရချင်း မြို့ခံရှာဖွေကယ်ဆယ်ရေးနှင့်ပရဟိတသမားများက လိုက်လံရှာဖွေ ခဲ့သော်လည်း နှစ်ရက်ကြော်ကြာခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ အလောင်း ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က သတင်းထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား SERT ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ သုခကာရီလူမှုကူညီရေးအသင်းတို့ကဆောင်ရွက်ခဲ့ကြကာ စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ စနစ်တကျသယ်ယူပို့ဆောင်ပေးထားကြောင်း သိရသည်။

“ဘွဲ့အမည်ရော ဘယ်ကလဲဆိုတာရော မသိသေးပါဘူး။ လောလောဆယ် ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ရင်ခွဲရုံပို့ထားတယ်”ဟု ပရဟိတသမားတစ်ဦး ကပြောသည်။

စစ်ကိုင်းမြို့တွင် မတ်လ ၅ ရက်နေ့ မွန်းလယ်ပိုင်းကလည်း ကိုရင်သုံးပါး ဧရာ၀တီမြစ်အတွင်း ရေဆင်း ချိုးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကာ နှစ်ပါးကိုသာအသက်ရှင်လျက်ပြန်ရှာတွေ့ခဲ့ပြီး တစ်ပါးမှာ ရေအောက်တွင်သေဆုံးနေသည့် အလောင်းအဖြစ်သာ ဆယ်ယူနိုင်ခဲ့သည်။

Photo: အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly