မန္တလေး နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ အထိ ရက်ချိန်းပြည့်နေ 

By ကီရာ (မဇ္ဈိမ)
07 March 2023
မန္တလေး နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ အထိ ရက်ချိန်းပြည့်နေ 

မန္တလေးတိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုများရှိနေကြောင်းနှင့် နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် ပွဲစားနှင့် တဆင့် လုပ်ဆောင်မှသာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။

ကိုယ်တိုင် နိုင်ငံကူးလက်မှတ် တန်းစီ ရက်ချိန်းရယူသူများသည် ၂၀၂၄ အထိ ရက်ချိန်းများရရှိကြသော်လည်း ပွဲစားများဖြင့် လုပ်ဆောင်သူများသည် ငါးရက်အတွင်း ရက်ချိန်းရရှိကြသည်ဟု သိရသည်။

"သာမန်လူတွေ၂၄အထိရောက်ပေမယ့် ပွဲစားဆိုရင် ငါးရက်အတွင်းရတယ်လို့လဲပြောကြတယ်။ အရင်က တစ်ရက်ကို လူ၁၀၀ လောက်လုပ်ပေးပေမယ့် အခုက လူ၈၀ ပဲ လုပ်ပေးတော့တယ်။ ရက်ချိန်းယူဖို့ တန်းစီနေတဲ့‌သူတွေကတော့ တနေ့ကို လူ၅၀၀ ကျော်လောက်ရှိတယ် " ဟု နိုင်ငံကူးလက်မှတ်သွားရောက်တန်းစီနေသူတစ်ဦးက ပြောသည်။

လက်တလောတွင် နိုင်ငံကူးလက်မှတ်ရက်ချိန်းများကို ကြားပွဲစားများမှတဆင့် သိန်းဂဏန်းအထိ ပေး၍ ပြန်လည်ဝယ်ယူနေရမှုများလည်း ရှိနေသည်ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှ ပြောသည်။
ထို့အပြင် မန္တလေးနိုင်ငံကူးလက်မှတ်ရုံးသည် ရုံးပိတ်ချိန် အတိအကျမထားဘဲ တချို့နေ့ရက်များတွင် နေ့လည် ၃နာရီဝန်းကျင် ရုံးပိတ်လိုက်သောကြောင့် နယ်မှတကူးတက ရက်ချိန်းလာယူရသူများအတွက် အခက်အခဲကြုံရသည်ဟုလည်း သိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု‌များကြောင့် ပြည်ပထွက်ခွာရန်လုပ်ဆောင်သူ များပြားခဲ့ပြီး မန္တလေးတိုင်းနှင့် အခြား မြို့နယ်များသည် နိုင်ငံကူးလက်မှတ်အတွက် ‌ပုံမှန်ကုန်ကျငွေထက် နှစ်ဆ သုံးဆ တိုးမြှင့်ပေးရပြီး ပွဲစားစနစ်သည်လည်း ပေါ်ပေါ်ထင်ထင် ရှိနေဆဲပင် ဖြစ်ကြောင်း မန္တလေးနှင့် တခြားမြို့နယ်များတွင် နေထိုင်သူများက ပြောသည်။

ရန်ကုန်တိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသည်လည်း အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly