ကသာမြို့နယ်တွင် တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲရာမှ အမျိုးသမီး ၁ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
07 March 2023
ကသာမြို့နယ်တွင် တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲရာမှ အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ငါးတဲ့ကျေးရွာအုပ်စု၊ ပျဉ်ထောင်လေးကျေးရွာတွင် စစ်ကောင်စီ တပ်သားများပစ်ခတ်ထားသည့် ၆၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။

ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာမှ အမျိုးသမီးငယ်နှစ်ဦးသည် မတ်လ ၅ ရက်နေ့က ပျဉ်ထောင် လေးဘုန်းကြီးကျောင်းနှင့် ပေ ၁၅၀ ခန့်အကွာတွင်ရှိသည့်ဇီးပင်မှ ဇီးသီးခူးရာတွင် အပင်အောက်မှ ခြုံများ အား ရှင်းလင်းရင်းနှင့် ၆၀ မမ ဗုံးသီးအား ဓါးဖြင့်ခုတ်မိသဖြင့် ပေါက်ကွဲခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အတူပါလာသည့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ညီအမနှစ်ယောက် ဇီးသီးကောက်ဖို့ဆိုပြီး ဇီးပင်အောက်ကအပင်တွေကို ဓါးနဲ့လျှောက်ခုတ်ရင်း စစ်တပ် ကပစ်ထားတဲ့ အသီး(၆၀ မမ ဗုံး)ကိုခုတ်မိတာ။ အဲဒီအသီးက မကွဲဘဲနဲ့ ဇီးပင်အောက်မှာကျနေတာကို မမြင်လို့ ဓါးနဲ့ခုတ်မိတာနဲ့တူပါတယ်” ဟု ပျဉ်ထောင်လေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်၏ ငါးအိုးရွာအခြေစိုက် ခလရ(၁၂၁)တပ်သည် အဆိုပါပျဉ်ထောင်လေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် လွန်ခဲ့သည့် ဇန်နဝါရီလက စခန်းချခဲ့ဖူးကြောင်း ဆိုသည်။

အဆိုပါ ခလရ(၁၂၁)တပ်မှ စစ်ကောင်စီစစ်ကြောင်းထိုးပြီးနောက် ပျဉ်ထောင်ကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ နှင့် ၆၀ မမ စသည့် ဗုံးသီး အလုံး ၃၀ ခန့်ရှိကြောင်း ဆိုသည်။

“အသီးတွေကို တစ်ရွာလုံး ပတ်ချထားတာ။ ရှာတော့ရှာတယ်ဗျ။ တွေ့သလောက် မကွဲသေးတဲ့ဟာက ၃၀ ထက်မနည်းပဲ။ ဟိုနားကတွေ့လိုက်၊ ဒီနားကတွေ့လိုက်နဲ့” ဟု ဒေသခံက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ မကြာခဏစစ်ကြောင်းထိုးနေမှုကြောင့် ပျဉ်ထောင်လေးကျေးရွာမှ ဒေသခံ များမှာ လက်ရှိအချိန်အထိ နေအိမ်များမှ တိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာထဲမှဦမနေရဲကြလို့ အပြင်ပဲနေကြတာ။ နေ့ဆို သူ့အိမ်ကိုယ့်အိမ် သန့်ရှင်းရေးလာလုပ်ကြတယ်။ အတွင်းထဲမှာ လူတွေလည်း မနေရဲအောင်ကိုဖြစ်နေတာ။ အိမ်တွေလည်း ဇကာပေါက်တွေကို ဖြစ်နေတာ။ အရင်သူတို့ စစ်ကြောင်းထိုးတုန်းကလည်း တစ်ရွာလုံးနီးပါး အိမ်တွေထဲဝင်မွှေသွားပြီး ကျန်ခဲ့တဲ့ ပစ္စည်း တွေကို ယူသွားတာတွေရှိတယ်။ ကျနော့်အိမ်ကိုလည်းဖျက်ဆီးသွားတယ်” ဟု ပျဉ်ထောင်ရွာမှ စစ်ရှောင် နေသည့် ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂ ရက်နေ့ကလည်း ကသာမြို့နယ်၊ ကျောက်ပုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသည့်မိုင်း အား နင်းမိခဲ့သဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ခြေထောက်တဖက် ဖြတ်တောက် လိုက်ရ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲလက်ကျန်ခဲယမ်းမီးကျောက်များ သို့မဟုတ် မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၃၉၀ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယူနီဆက်ဖ်က ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly