ကမ္ဘောဒီးယားပြည်တွင်းရေးတွင် ပြည်ပ ဝင်မစွက်ရန် ဟွန်ဆန် သတိပေး

ကမ္ဘောဒီးယားပြည်တွင်းရေးတွင် ပြည်ပ ဝင်မစွက်ရန် ဟွန်ဆန် သတိပေး
Photo - The Jakarta Post

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်ပြီးနောက် ရက်များအကြာတွင် နိုင်ငံ၏ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်သည့် တိုင်းတပါးသားများကို မိမိအနေဖြင့် သည်းခံသွားမည် မဟုတ်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က မတ်လ ၆ ရက်တွင် ပြောသည်။

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ ကမ္ဘောဒီးယားရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးချင်သူတွေရဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို မိမိတို့ သည်းခံသွားမှာ မဟုတ်ဘူး” ဟု ကမ္ဘောဒီးယားခေါင်းဆောင်က ပြောသည်။

အတိုက်အခံဖြစ်သည့် ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ၏ ပူးတွဲတည်ထောင်သူ ကမ် ဆော့ခါး သည် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရသည်။

သူသည် ဟွန်ဆန် အစိုးရကို ဖြုတ်ချရန် နိုင်ငံတကာ ပူးပေါင်းကြံစည်သူများနှင့်အတူ လျှို့ဝှက်ကြံစည်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ထောင်ဒဏ်ချမှတ်သည့် တရားရုံးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းက ‘လုပ်ဇာတ်ခင်းထားသည့် ပူးပေါင်း ကြံစည်ချက်’ တစ်ခုအပေါ် အခြေခံသည့် “မှားယွင်း စီရင်ခြင်း” ဖြစ်ကြောင်း ပြောခဲ့ကြသည်။

ဇူလိုင်လ ရွေးကောက်ပွဲများမတိုင်မီ ကမ္ဘောဒီးယား၏ အားနည်းချည့်နဲ့နေသည့် ဒီမိုကရေစီနှင့် အထက်ပါကိစ္စတို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြင်သစ်၊ ဩစတြေးလျနှင့် ယူကေတို့ကလည်း အသီးသီး ထုတ်ဖော်ကြသည်။

“ဒီမိုကရေစီနှင့် လူ့အခွင့်အရေး” ကို မူမမှန် အကြောင်းပြပြီး မိမိတို့နိုင်ငံကို ပြည်တွင်းစစ်သို့ ပြန်ရောက်စေနိုင်မည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ မပြုလုပ်ရန် ဟွန်ဆန်က နိုင်ငံခြားသားများကို သတိပေးသည်။

ထို့ပြင် ၁၉၇၀ က ကမ္ဘောဒီးယားကို ပြည်တွင်းစစ်ထဲ ကျရောက်စေခဲ့သည့် ခေါင်းဆောင်ဟောင်း မင်းသား နိုရိုဒွန် သီဟာနုထံမှ အာဏာသိမ်းမှုကို အမည်မဖော်လိုသော နိုင်ငံများသည် ထောက်ခံခဲ့ကြသည်ဟု ဟွန်ဆန်က ပြောသည်။

ကမ္ဘာ့ သက်တမ်းအကြာဆုံး အုပ်ချုပ်သူ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်က အာဏာရပြီးနောက်ပိုင်း ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ထိခိုက်ထားစေခဲ့ကာ တရားရုံးများကို အသုံးချပြီး အတိုက်အခံများကို ဖိနှိပ်နေသည်ဟု ဝေဖန်သူများက ပြောသည်။

၂၀၂၂ ခုနှစ်က အတိုက်အခံ အများအပြား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို နိုင်ငံတွင် အနည်းအကျဉ်းသာ ကျန်ရှိနေသည့် လွတ်လပ်သော ပြည်တွင်းမီဒီယာများအနက် တစ်ခုလည်း ပြီးခဲ့သည့်လက ပိတ်သိမ်းခံခဲ့ရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly