ပါကစ္စတန်၏စက်မှုလုပ်ငန်းများ ထုတ်လုပ်မှုနှင့်ဝန်ထမ်းအင်အား လျှော့ချရမည့်အခြေအနေ ရှိနေ

By ANI
06 March 2023
ပါကစ္စတန်၏စက်မှုလုပ်ငန်းများ ထုတ်လုပ်မှုနှင့်ဝန်ထမ်းအင်အား လျှော့ချရမည့်အခြေအနေ ရှိနေ

ပါကစ္စတန်၌ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် စက်မှုလုပ်ငန်းများ အထူးသဖြင့် အထည်အလိပ်ကဏ္ဍများတွင် ထုတ်လုပ်မှုနှင့်ဝန်ထမ်းအင်အား လျှော့ချရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု The News International က ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံသည် အထည်အလိပ်တင်ပို့မှုတွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်းထက်မနည်း ကျဆင်းခဲ့ကြောင်း နိုင်ငံ၏စာရင်းအင်းဗျူရို (PBS) မှထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြထားသည်။

အများအားဖြင့် အထည်အလိပ်ကဏ္ဍမှ နေ့စားအလုပ်သမား ၁ သန်းခန့်သည် အလုပ်လက်မဲ့ဖြစ်လိမ့်မည်ဟု ပါကစ္စတန်ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ (NTUF) ၏ အထွေထွေအတွင်းရေးမှူး နာဆာမန်ဆောက ဆိုသည်။

ပါကစ္စတန်၏ ပို့ကုန်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၏ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်။ တစ်လပြီးတစ်လ တိုင်းတာချက်အရ နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်က ရေကြီးမှုကြောင့် ဝါဂွမ်းစိုက်ခင်းများ၏ ၄၅ ရာခိုင်နှုန်းထက်မနည်း ‌ထိခိုက်ပျက်စီးခဲ့ပြီး အထည်အလိပ်စက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်ခဲ့သည်။ ပြည်ပမှကုန်ကြမ်းတင်သွင်းကာ ပြဿနာကို ဖြေရှင်းနိုင်သော်လည်း သွင်းကုန်ငွေလွှဲစာတမ်း (LCs) ပေးရာတွင် နှောင့်နှေးမှုများကြောင့် လုပ်ငန်းများအားလုံး  ရပ်တန့်သွားခဲ့သည်ဟု မန်ဆောက ပါကစ္စတန်၏ စီးပွားရေး နှောင့်နှေးရပုံ ရှင်းပြခဲ့သည်။  

အထည်အလိပ်ကဏ္ဍနှင့် အထည်အလိပ်ဆိုင်ရာ လုပ်ငန်းများမှ လုပ်သား ၇ သန်းခန့်ကို ပြီးခဲ့သည့် နွေရာသီကတည်းက အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အထည်အလိပ်အသင်းများက  ကျင်းပသည့် ပူးပေါင်းသတင်းစာရှင်းလင်းပွဲတွင် အသင်းကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

 စက်ရုံမှတာဝန်ရှိသူများက ထိုသို့သော ဆိုးရွားသည့်အခြေအနေအတွက် သွင်းကုန်ငွေလွှဲစာတမ်း (LCs) ဖွင့်လှစ်ပေးမှု နှောင့်နှေးခြင်းအပါအဝင် အစိုးရစည်းမျဉ်းများကို အပြစ်တင်ခဲ့သည်။

ထို့ပြင် မော်တော်ယာဥ်ကဏ္ဍတွင် နှစ်စဉ်ရောင်းအား ကျဆင်းမှုကြောင့် ဝန်ထမ်းအင်အား ၂၅ ၀၀၀ မှ ၃၀ ၀၀၀ ခန့် လျှော့ချခဲ့ရကြောင်း ပါကစ္စတန်ကားပစ္စည်းနှင့်အစိတ်အပိုင်း ထုတ်လုပ်သူများအဖွဲ့က ပြောသည်။

ပါကစ္စတန်၏ လက်ရှိ စီးပွားရေးလုပ်ငန်းကြီးများအခြေအနေများသည် ကဏ္ဍအသီးသီးတွင် မတူကွဲပြားသည့် ပုံစံဖြင့် သက်ရောက်မှုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုမှ စီမံခန့်ခွဲမှုအဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပါကစ္စတန်၏ အလုပ်လက်မဲ့နှုန်းသည် ၆ ရာခိုင်နှုန်းကျော်ရှိ ပြီး အဆိုပါပြဿနာသည် နှစ်ပေါင်းများစွာ တစ်သမတ်တည်း ရှိနေကြောင်း The News International ကဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly