ပါကစ္စတန်က ဂွါဒါဓာတ်အားပေးစက်ရုံကို ဆင်းဒ်ပြည်နယ်သို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်

By ANI 
06 March 2023
ပါကစ္စတန်က ဂွါဒါဓာတ်အားပေးစက်ရုံကို ဆင်းဒ်ပြည်နယ်သို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်

ပါကစ္စတန်သည် တရုတ်၏ ဖိအားပေးမှုကို လိုက်လျောသည့်အနေဖြင့် ၃၀ဝ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဂွါဒါမှ ဆင်းဒ်ပြည်နယ် သာခရိုင်သို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များက Business Recorder သို့ ပြောကြားသည်။

ထို့ပြင် ပါကစ္စတန်က ဘဏ္ဍာရေးစာရင်း စစ်ဆေးချိန်ညှိမည့် လုပ်ငန်းစဉ်ကို  ၃ နှစ်သက်တမ်းတိုးရန် သဘောတူညီခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်၏ မကြာသေးမီက ပေကျင်းခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်က ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို ဂွါဒါမှ သာခရိုင်သို့ ပြောင်းရွှေ့နေရာချထားမည်ဆိုပါက စီမံကိန်းအသစ် တစ်ခုဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် တရုတ်အနေဖြင့် ကျောက်မီးသွေးစီမံကိန်းအသစ်ကို စတင်ရန် မလိုလားကြောင်း ပြောကြားခဲ့သည်။

တရုတ်ခေါင်းဆောင်ပိုင်းနှင့် ပြုလုပ်ထားသည့် ကတိကဝတ်များကို ပါကစ္စတန်ဝန်ကြီးချုပ် လိုက်နာ စေရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်အစိုးရထံမှ စာဖြင့် အာမခံချက် တောင်းခံခဲ့သည်။

ဝန်ကြီးချုပ် ဦးဆောင်သည့် CPEC စီမံကိန်းဆိုင်ရာ အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး အိုင်ရှက်ဒါးက တက် ရောက်လာသူများအား  ၃၀ဝ မဂ္ဂါဝပ် ဂွါဒါကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိစ္စကို ဆုံးဖြတ်ချက်ချရန် လိုအပ်ကြောင်းနှင့် ယခုပြဿနာမှာ အရေးကြီးပြီး တရုတ်ဘက်မှ အဆက်မပြတ် တင်ပြနေကြောင်း ပြောခဲ့သည်။

ဝန်ကြီးချုပ်က နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအားလုံးနှင့် တရုတ်က ပေးအပ်ခဲ့သော များပြားလှသည့် ပံ့ပိုးကူညီမှုများကို ရှေးရှုလျက် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) မူဘောင်သဘောတူညီချက်အတွင်း အဆိုပါကိစ္စကို လျှင်မြန်စွာ ဆုံးဖြတ်သင့်ကြောင်း တောင်းဆိုခဲ့သည်။

ဂွါဒါတွင် ပြင်ပမှ တင်သွင်းရသည့် ကျောက်မီးသွေးကို အသုံးပြုမည့်အစား သာခရိုင်တွင် ဒေသထွက်ကျောက်မီး သွေး အသုံးပြုနိုင်သဖြင့် ဓာတ်အားပေးစက်ရုံအားပြောင်းရွှေ့ရန် တရုတ်ကုမ္ပဏီအား ဖိအားပေးခဲ့သည့် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားနှင့် အခြေခံအဆောက်အအုံ ဘုတ်အဖွဲ့(PPIB) က အစည်းအဝေးတွင် နှုတ်ဆိတ်နေခဲ့ ကြောင်း အဆိုပါသတင်းရင်းမြစ်များက ဆက်လက်ပြောကြားသည်။

သယ်ယူပို့ဆောင်လမ်း ရှည်လျားခြင်းနှင့် အထွက်နှုန်းညံ့ဖျင်းခြင်း၊ အရည်အသွေးမညီမှု၊ ကျိုးပဲ့လွယ်မှု၊ အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများအပါအဝင် တွက်ခြေမကိုက်ခြင်းတို့ကြောင့် စီမံကိန်းကို သာခရိုင်သို့ ပြောင်းရွှေ့ခြင်းမှာ မဖြစ်နိုင်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ထို့ပြင် ကျောက်မီးသွေးစီမံကိန်းအသစ်များအတွက် အကောင်အထည်ဖော်ခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့နိုင်ခြင်းများ မလုပ်နိုင်သေးသဖြင့် လက်ရှိတွင် အတည်ပြုထားပြီးသား စီမံကိန်းကို ပြောင်းရွှေ့ခြင်းမှာ တရုတ်မူဝါဒနှင့် မကိုက်ညီကြောင်း Business Recorder တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly