တရုတ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသစ်တည်ဆောက်မှုကို အများဆုံး   ခွင့်ပြု 

တရုတ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသစ်တည်ဆောက်မှုကို အများဆုံး   ခွင့်ပြု 

တရုတ်က ၂၀၂၂ ခုနှစ်တွင် ၁၀၆ ဂစ်ဂါဝပ်ထွက်ရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ် ထပ်မံတည်ဆောက်ရန် အတည်ပြုခဲ့ပြီး ယင်းသည် ၂၀၂၁ ခုနှစ်က ဆောက်သည့်စက်ရုံထက် ဓာတ်အား ၄ ဆပိုများကာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဓာတ်အားအများဆုံးထုတ်လုပ်နိုင်သည့် စက်ရုံဖြစ်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။ 

စွမ်းအင်ဖူလုံရေးအတွက် နိုင်ငံတစ်ဝန်းတွင် ၁ နှစ်ကျော်အတွင်း ၅၀ ဂစ်ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်နေပြီး ယမန်နှစ်ကထက် အရေအတွက်ထက်ဝက်ကျော် ပိုများကြောင်း သန့်ရှင်းသောလေနှင့်စွမ်းအင်သုတေသနစင်တာ (CREA) နှင့် ကမ္ဘာ့စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့ (GEM) က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

"၂၀၂၂ ခုနှစ်မှာ ဆောက်လုပ်ခွင့်ရတဲ့ စီမံကိန်းတွေရဲ့အရှိန်အဟုန်ဟာ အံ့မခန်းပါပဲ။ စီမံကိန်းအတော်များများဟာ လအနည်းငယ်အတွင်းမှာပဲ ပေါ်ပေါက်လာပြီး ခွင့်ပြုမိန့်တွေရ ဘဏ္ဍာငွေတွေရနဲ့ တကယ့်စံချိန်တင်ပါပဲ” ဟု GEM မှ လေ့လာဆန်းစစ်သူ ဖလိုရာချမ်ပန်နွိုက်က ပြောကြားခဲ့သည်။

တရုတ်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း ခွင့်ပြုချက်အသစ်များ ကျဆင်းသွားပြီးနောက် မကြာသေးမီနှစ်များအတွင်း ဓာတ်အားသစ်ဖြန့်ဖြူးနိုင်မှုပမာဏကျဆင်းလာခဲ့သည်။ သို့သော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအပေါ် စိုးရိမ်မှုများကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုပမာဏ ပြန်လည်မြင့်တက်ဖွယ်ရှိသည်။

အတည်ပြုချက်ရရှိထားသော စီမံကိန်းအသစ်များက ဓာတ်အားလိုင်းတည်ငြိမ်မှုနှင့် မီးပျက်နိုင်သည့် အန္တရာယ် များကို အနည်းဆုံးဖြစ်စေရန် ဒီဇိုင်းထုတ်ထားပြီး အခြေခံဝန်အားကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း CREA-GEM အစီရင်ခံစာက ဆိုသည်။

သို့သော် စက်ရုံအများအပြားကို စွမ်းအင်ပိုလျှံသည့် ဒေသများတွင် တည်ဆောက်နေပြီး လျှပ်စစ်ဓာတ်အားလိုင်း၏ ယုံကြည်စိတ်ချရမှုနှင့် ထိရောက်မှုတို့ကို ပိုမို ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားပေးရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်တွင် ကျောက်မီးသွေးပြတ်လပ်မှုကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မီးပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာနှင့် စက်ရုံများ မီးမရရှိခဲ့ကြပေ။ 

တရုတ်တွင် ယမန်နှစ်က မိုးခေါင်ရေရှားမှုကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းနှင့် လျှပ်စစ်ဓာတ်အား ခွဲတမ်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly